အောက်တိုဘာလသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတို့နှင့် မြန်မာ့အရေးကိစ္စ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် တဖန် ပြန်လည်ဆွေးနွေးလာကြသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ အောက်တိုဘာလအတွင်း မြန်မာ့အရေး နိုင်ငံတကာခရီးဆန့်ခဲ့မှုကို အောက်တွင် ပြန်လည် အနှစ်ချုပ် အစီရင်ခံအပ်ပါသည်။
(၄၄) နှင့် (၄၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ အောက်တိုဘာ ၈ ရက်က ပြုလုပ်ခဲ့သည်။ မြန်မာအရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအားလုံး ပါဝင်နိုင်အောင် ချဉ်းကပ်လုပ်ဆောင်ရန် လိုအပ်သလို မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ရက်စက်ကြမ်းကြုတ်မှုများအား အဆုံးသတ်ရန် အာဆီယံနိုင်ငံများအနေဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် လိုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က ထိုအစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။
အစည်းအဝေးတွင် မြန်မာ့အရေးအတွက် တရုတ်အနေဖြင့် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့သည့်အပြင် မြန်မာ့ပြည်တွင်းစစ်ပြဿနာများမှာ ရှုပ်ထွေးပြီး ပြေလည်အောင် လုပ်ဆောင်ရန်အတွက် အချိန်ပေးဖို့လိုအပ်ကြောင်းအာဆီယံအတွင်းရေးမှူးချုပ်Kao Kim Hourn ကသတင်းထောက်များကိုပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကလည်း မြန်မာ့ပြဿနာအား အဖြေရှာရာ၌ စစ်ရေးအရ ဖြေရှင်း၍မရဘူးဆိုသည့်အချက်အား အာဆီယံအနေဖြင့် တညီတညွတ်တည်း တိုက်တွန်းပြောကြားရန် လိုအပ်သလို ပဋိပက္ခအဆုံးသတ်ရေး သက်ဆိုင်သူ အားလုံး မဖြစ်မနေ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ ဆွေးနွေးရေးအတွက် ထိုင်းနိုင်ငံက ကူညီရန် အဆင်သင့်ရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိပ်သီးအစည်းအဝေးအပြီး အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်သည့် အာဆီယံဥက္ကဋ္ဌ၏ကြေညာချက်၌ သွေးထွက်သံယို ပဋိပက္ခများ ချက်ချင်းရပ်ရန်၊ စာနာမှု အကူအညီပေးနိုင်မည့် အခြေအနေများ ဖန်တီးရန်၊ မြန်မာနိုင်ငံက ကိုယ်တိုင်ဦးဆောင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် ပါရှိသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်နိုင်ခြေရှိသည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲအား ယခုနှစ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပမည့်အစီအစဉ်ကိုလည်း ကြိုဆိုကြောင်း ပါရှိသည်။
အာဆီယံထိပ်သီးအစည်းအဝေး မစတင်မီ အောက်တိုဘာ ၆ ရက်တွင် လာအိုနိုင်ငံ၌ ပြုလုပ်မည့် မြန်မာအရေးဆိုင်ရာ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာနိုင်ငံ၏ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး အင်အားစုများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များနှင့် ပြည်တွင်းအင်အားစုများ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်အားပြုလုပ်ခဲ့ရာမြန်မာဆိုင်ရာအထူးသံတမန်များ၊ကုလအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၊ အာဆီယံ၊ဥရောပသမဂ္ဂ၊ ဗြတိန်၊အမေရိကန်၊ သြစတြေးလျ၊ထိုင်း၊ နော်ဝေ၊အိန္ဒိယ၊ ဂျပန်သံအမတ်များလည်းပါဝင်တက်ရာက်ခဲ့ကြသည်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ပ်(Ms. Julie Bishop) သည် မြန်မာ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီသို့ ပြောကြားသည့်အစီရင်ခံစာတွင် ထည့်သွင်းတင်ပြခဲ့သည်။ သူမအား ကုလအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့သည့် ဧပြီလဆန်းက ခန့်ထားခြင်းဖြစ်ကာ ၎င်းတာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်တက်ရောက်သည့် အထွေထွေညီလာခံလည်း ဖြစ်သည်။
တိတ်တဆိတ် သွားရောက်ခဲ့သည့် မြန်မာပြည်ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (ERO) များနှင့်လည်း တွေ့ဆုံခဲ့သည်ဟုတင်ပြချက်၌ ပါရှိသည်။
မိန့်ခွန်း၌ မြန်မာ့အရေး၌ ပါဝင်ပတ်သက်သူအားလုံးသည် အရှုံးအနိုင် အပြီးသတ် အပြတ်ဖြတ်ရေး စိတ်ဓာတ်ဖြင့်လုပ်နေခြင်းကို စွန့်လွှတ်ရန်၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေး တစ်ခုတည်းသော နည်းလမ်းမှာပြန်လည်သင့်မြတ်ရေးအတွက် လမ်းဖွင့်ပေးခြင်းသာ ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခကြောင့် လူ ၃,၂၀၀,၀၀၀ ခန့် အိုးအိမ်မဲ့ ထွက်ပြေးနေရကာ လက်ရှိ ရင်ဆိုင်နေရသည့် လူသားချင်းစာနာမှု အကျပ်အတည်းသည် ယခင်က မကြုံဖူးသည့်အခြေအနေ ဖြစ်နေသည်ကို ပဋိပက္ခ၌ ပါဝင်နေသူအားလုံးလက်ခံကြရန်လည်း ဂျူလီဘိရှော့ပ်က ထည့်သွင်းပြောဆိုထားသည်။ တဖက်တွင်လည်း တာဝန်ခံမှုကို ဖော်ဆောင်ရန်ဟုလည်း ဖော်ပြခဲ့သည်။ ထို့ပြင် သူမအနေဖြင့် မြန်မာပြည်သို့ နောက်တစ်ကြိမ် ပြန်သွားမည်ဖြစ်သည်ဟုလည်း ကော်မတီအား အစီရင်ခံမှု၌ ထည့်သွင်းပြောကြားသွားခဲ့သည်။
မစ္စ ဂျူလီဘိရှော့ပ်သည် မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးအတွက် မြန်မာတွေပဲ ဦးဆောင်ပြီး အားလုံးပါဝင်သည့် ဖြစ်စဉ်တစ်ရပ်ပေါ်လာအောင် ကြိုးစားမှုအဖြစ် သြဂုတ် ၂၀ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံထားသေးသည်။ မြန်မာ့ကိစ္စ ဖြေရှင်းရာ၌ သဘောတူညီချက် ရရှိရေး တရုတ်၊ အာဆီယံနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းပြောဆိုခဲ့သည်ဟုလည်း တရုတ်အစိုးရပိုင် CGTN က ထုတ်ဖော်ရေးသားထားသည်။
“အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု” ကို ဦးတည်ဖော်ပြကြလေ့ရှိသော အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ သံတမန်ရေးကြိုးပမ်းမှုများတွင် “မြန်မာနိုင်ငံက ဦးဆောင်သော၊ မြန်မာနိုင်ငံက ပိုင်ဆိုင်သော” ဟူသည့်အချက်ကို ပုံမှန်ထည့်သွင်းလေ့ရှိသလို၊ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်မှုများအတွက် “တာဝန်ခံမှု” ကိုလည်း ထည့်သွင်းဖော်ပြကြသည်ဖြစ်ရာ ထိုစကားလုံးများအပေါ်အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်လာနိုင်သည်။