အကြမ်းဖက်စစ်အုပ်စု၏ အတင်းအကြပ် စစ်မှုထမ်းခေါ်ယူရန်ကြိုးပမ်းမှုသည် လူ့အခွင့်အရေးနှင့် မကိုက်ညီသော ဖိနှိပ်မှုဖြစ်ပြီး မြန်မာလူထု၏ အကျပ်အတည်း၊အခက်အခဲများကို ပိုမိုဆိုးရွားစေကာ ဒေသတွင်းတည်ငြိမ်မှုကို ပိုမိုလျင်မြန်၊ သိသာစွာဆိုးရွားလာစေမည် ဖြစ်သည်။
စစ်အာဏာရှင်သန်းရွှေခေတ်၏ နောက်ဆုံးရက်များ ဖြစ်သည့် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ပြဌာန်းခဲ့သည့်“ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီလ၁၀ ရက်တွင် စတင်အသက် ဝင်ကြောင်း ကြေညာခဲ့သည်။ ထိုပြဌာန်းမှု၏ နောက်ဆက်တွဲအ ဖြစ် စစ်အုပ်စုနှင့်၎င်း၏ လက်အောက်ခံ ပျူစောထီးများ၏ ဖမ်းဆီးမှုကြောင့် အနည်းဆုံး ကျား ၆၅ ဦး၊ မ ၃၄ ဦး၊ကျား/မ အတည် မပြုနိုင်သူ ၉၆၄ ဦးအထိ ဖမ်းဆီးခံထားရပြီး ဖြစ်ကြောင်း အွန်လိုင်းမှတဆင့် စုစည်းရသမျှ အချက်အလက်များက ဖော်ပြနေ သည်။ တရားဥပဒေမဲ့ ထိုသို့ ဖမ်းဆီးခံရသူ၊ပျောက် ဆုံးသွားသူ အများစုမှာ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အကြား ဖြစ်ကြပြီး ရခိုင်ပြည်ရှိစစ်ဘေးရှောင်ပြည်သူများ အနက် လူငယ်ရာနှင့်ချီ၍ စစ်မှု ထမ်းရန်အတွက် ဖမ်းဆီးခံရသည်။ဒေသအလိုက် ဖမ်းဆီးခံရသည့် လူဦးရေတွင် ရခိုင် (၂၇၉ ဦး) နှင့် စစ်ကိုင်း (၂၇၈ ဦး) သည်အများဆုံးဖြစ်ကာ ရန်ကုန်တွင် ၁၉၄ ဦး ဖမ်းဆီးခံရပြီး တတိယအများဆုံးဖြစ်သည်။
ယခုစစ်မှုထမ်းဥပဒေအသက်ဝင်မှုသည် သန်းရွှေ၏ စစ်အစိုးရခေတ်က ပြဌာန်းခဲ့သည့် ဥပဒေဖြင့် စစ်အာဏာရှင်လက်သစ်မင်းအောင်လှိုင်၏ ဖိနှိပ်မှု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စစ်မှုထမ်း ဥပဒေဖြင့်မဖြစ်မနေ စစ်မှု ထမ်းစေခြင်းရှိကြောင်း ထောက်ပြကြမှုများရှိသော်လည်း ထိုထောက်ပြမှုသည်အချက်နှစ်ချက်အားဖြင့် လွဲမှားသည်ဟု ဆိုနိုင်ပါသည်။
ပထမအချက်မှာ၎င်းတို့၏ ရှေ့မျိုးဆက် စစ်အာဏာရှင်များ၏ အလိမ်အညာ လူထုဆန္ဒခံယူပွဲမှတဆင့် အတည်ပြုခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှအစ အခြားသော ဥပဒေများအဆုံး ဥပဒေအမျိုးမျိုးကို လိုသလိုအဓိပ္ပာယ်ဖွင့်ကာ ချိုးဖောက်အသုံးချနေသော မင်းအောင်လှိုင်၏ စစ်အုပ်စုသည် ဥပဒေတရပ်ကိုထိုသို့ အသက်သွင်းရန် တရားဝင်မှု မရှိခြင်းဟူသည့် အချက်ဖြစ်သည်။
ဒုတိယအချက်မှာလူ့အခွင့်အရေးကို လေးစားလိုက်နာသည့် နိုင်ငံများတွင် မဖြစ်မနေ စစ်မှုထမ်းမှုကို ဥပဒေဖြင့်ပြဌာန်းကျင့်သုံးကျပါကလည်း ယုံကြည်ချက်ကြောင့် စစ်မှုထမ်းမှုကို ငြင်းပယ်ခွင့် (Right to Conscientious Objection) ကို အာမခံကြရမည်ဖြစ်သည်။အဆိုပါက ယုံကြည်ချက်ဆိုသည်မှာ ယုံကြည်ကိုးကွယ်မှုထက် ပိုလွန်ပြီး မိမိ၏ ခံယူချက်၊ ယုံကြည်ချက်တခုခုကြောင့်ငြင်းပယ်ခွင့်လည်း ပါဝင်သည်။ မိမိ၏ ခံယူချက်၊ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းအဖြစ် ပါဝင်ရန်ငြင်းဆန်သူများအတွက် ငြင်းဆိုခွင့် အခွင့်အရေး ရှိရမည်ဖြစ်သည်။ စစ်အာဏာရှင်တို့ ပြဌာန်း၊အသုံးချရန် ကြိုးပမ်းလျက်ရှိသော ဥပဒေသည် ထိုအခွင့်အရေးများကို အာမခံခြင်းမရှိ၍ အင်အားသုံးဖိနှိပ်ရန် ကြိုးပမ်းမှု သက်သက်သာ ဖြစ်သည်။
၂၀၁၉သန်းခေါင်းစာရင်းအချက်အလက်များအရ လူငယ် အနည်းဆုံး ၁၁ သန်းကျော်မှာ စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့်ထိခိုက်သက်ရောက်မှု ရှိနိုင်သည်။ အကြမ်းဖက်စစ်အုပ်စုကမူ စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူနိုင်သူ ၁၃ သန်းရှိသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ကချင်၊ ရခိုင်၊ ကရင်၊ကရင်နီ၊ ချင်း၊ ရှမ်းမြောက်၊ စစ်ကိုင်းဒေသများကဲ့သို့သော တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေများမှလူငယ်များအနေဖြင့် အခြားဒေသများမှ လူငယ်များနှင့် ယှဉ်လျှင် အနည်းငယ် စိတ်အေးနိုင်ဖွယ်ရှိသည့်တိုင်၊စစ်အုပ်စုက ၎င်း၏ ထိန်းချုပ်မှုလက်အောက်ရှိ ဒေသများမှ လူငယ်များကို ပိုမိုပစ်မှတ်ထားနိုင်သည်။ လူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ထိန်းချုပ်နယ်မြေများသို့ ခိုလှုံခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာခြင်းများရှိလာနေပြီ ဖြစ်သည်။
စစ်မှုထမ်းဥပဒေသက်ရောက်မှုကြောင့်မိမိ၏ နေရပ်စွန့်ခွာ ထွက်ပြေးကြမည့် လူငယ်များသည် စစ်ဘေးရှောင် ပြည်သူများရှိပြီးဖြစ်သည့်ဒေသများအပေါ်သို့ သက်ရောက်မှုများ ရှိလာနိုင်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မတ်လ ၁၁ ရက်အထိ အချက်အလက်များအရ မြန်မာနိုင်ငံ၏ စစ်ဘေးရှောင်ပြည်သူ ၂.၈ သန်းကျော်အထိရှိပြီဖြစ်ပြီး၊ စစ်ကိုင်းတွင် ၁.၁ သန်း၊ ရခိုင်တွင် ၃၄၉,၁၀၀ ဦး၊ မကွေးတွင် ၂၃၅,၈၀၀ဦးအထိ ရှိနေသည်။
IOM၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနှင့် ထိုင်းနယ်စပ်တွင် ထိုင်းနိုင်ငံသား မဟုတ်သူ လူဦးရေ ၁.၄ သန်းရှိနေပြီးထိုအထဲမှ ၆၃,၀၀၀ ဦးခန့်မှာ စစ်အာဏာသိမ်းမှုစတင်ပြီး နောက်ပိုင်း ရွှေ့ပြောင်းလာသူများဖြစ်သည်။
ထို့အတူမြန်မာပြည်သူ ၅၀,၆၀၀ ခန့်မှာ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းခဲ့ကြရသည်။၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်အထိ UNHCR အချက်အလက်များအရ မြန်မာပြည်သူ ၁.၁ သန်းကျော်မှာ အိမ်နီးချင်းနိုင်ငံများတွင်ဒုက္ခသည် သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေသူများအဖြစ် ရောက်ရှိနေကြသည်။
အကြမ်းဖက်စစ်အုပ်စု၏ပေါ်ပေါ်ထင်ထင် ဖမ်းဆီးခြင်း၊ အတင်းအဓမ္မပေါ်တာဆွဲ၊ စစ်မှုထမ်းခေါ်ဆောင်ခြင်း ဖိအားများကြောင့်အလျင်စလို နေရပ်စွန့်ခွာကြမည့် လူငယ်များအနေဖြင့် လူကုန်ကူးခံရနိုင်မှုပြဿနာများ၊ တရားမဝင် အလိမ်အညာ (ကျားဖြန့်) လုပ်ငန်းများသို့ ရောက်ရှိနိုင်သည့် အခြေအနေများလည်း ရှိနေသည်။
အကြံပြုချက်များ
တော်လှန်ရေးအင်အားစုများအနေဖြင့်အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် စစ်မှုထမ်းခေါ်ယူမှုကို တုံ့ပြန် ဆောင် ရွက်ကြရာတွင်အောက်ပါအချက်များကို ထည့်သွင်း အလေးထားဆောင်ရွက်သင့်ပြီး၊ လက်တွေ့ လုပ်ဆောင်နိုင် သည့်လုပ်ငန်းများ၊ အကန့်အသတ်များကိုလည်း လူထုထံ ရှင်းရှင်းလင်းလင်း တင်ပြရန် လိုသည်။
· ပြည်တွင်းရှိပြည်သူအချင်းချင်းကြား ပံ့ပိုးကူညီမှုဖြင့် ရပ်ရွာ၏ ခံနိုင်ရည်ကို မြှင့်တင်ရန် ကြိုးပမ်းမှုများကိုအားပေးခြင်း၊ ပံ့ပိုးကူညီခြင်း
· လွတ်မြောက်နယ်မြေသို့ခိုလှုံလာနိုင်သည့် လူထုအား လက်ခံနေရာချထားပေးခြင်း
· နယ်စပ်ဒေသများမှတဆင့်လူမှောင်ခိုကူးခံရမှုများ မရှိစေရန်အတွက် လုံခြုံစိတ်ချရသော ရွေ့ပြောင်း နေထိုင်မှုများဖြစ်လာစေရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်းခြင်း၊ ပံ့ပိုးကူညီခြင်း
· နိုင်ငံရပ်ခြားအထူးသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသည့် ပြည်သူများအတွက် သက်ဆိုင်ရာအစိုးရများ၏ဖြေလျော့မှုများ ခံစားရစေရန် ဆွေးနွေးညှိနှိုင်းတောင်းဆိုခြင်း