အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းရန် စတင်ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်ကတည်းကပင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ စသည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် ပြည်သူများ၏ အခွင့်အရေးများကို နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ပိတ်ပင်ခဲ့သည်မှာ ထင်ရှားပါသည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၏ သပိတ်မှောက်ဆန္ဒပြမှုများကို အကြမ်းဖက်ခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖိအားပေးနှိမ်နင်းရန် ကြိုးပမ်းမှုကြောင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့သည်မှာ လွန်ခဲ့သည့် သုံးနှစ်ကျော် ကာလကတည်းကပင် ဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲမှုနှင့်အတူ ယခင် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော လူမျိုးအလိုက် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများကို ဖိအားပေး ချေမှုန်းနိုင်ရန်အတွက် မြို့များ၊ ရွာများကို ဖျက်ဆီးခြင်း၊ စီးနင်းခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများသည်လည်း ဆိုးရွားစွာ ထိခိုက်ခဲ့ရသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် အစပိုင်းတွင် စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းရန် ကြိုးပမ်းမှုစတင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းလိုစိတ်မရှိသော လုပ်သားအင်အားစု အများစုမှာ နယ်စပ်ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများသို့ အလုံးအရင်းနှင့် ထွက်ပြေး တိမ်းရှောင်မှုများ ရှိလာခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသော နိုင်ငံ၏ စီးပွားရေးကို ဖျက်လိုဖျက်ဆီး ပြုလုပ်ရန် ရည်ရွယ်ရင်း ရှိချင်မှ ရှိမည်ဖြစ်သော်လည်း ဖိနှိပ်မှု ယန္တရား၏ နောက်ဆက်တွဲအဖြစ် တိုင်းပြည်၏ စီးပွားရေးမှာ ဆိုးရွားသည့် အခြေအနေတစ်ရပ်အတွင်း ဝင်ရောက်လျက် ရှိနေပြီ ဖြစ်သည်။ အဆိုပါ အကျပ်အတည်းအတွင်း စုစုပေါင်း လူဦးရေ၏ သုံးပုံ တစ်ပုံကျော်မှာ စားနပ်ရိက္ခာ မလုံခြုံမှုကို ကြုံတွေ့နေရပြီး၊ အခြားသော ပြည်သူများမှာ နှစ်စဉ်နှင့် လစဉ် ဆတိုးတိုးနေသည့် စားနပ်ရိက္ခာ စရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေရသည်။
၂၀၂၄ ခုနှစ်၊ နှစ်စမှ စတင်၍ ကုန်ဈေးနှုန်း သိသိသာသာ မြင့်တက်ပြီး လူထုအပေါ် သက်ရောက်မှုအား ကြီးခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း အခြေခံ စားသောက်ကုန် အပါအဝင် လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အခြေခံ စားနပ်ရိက္ခာစျေးနှုန်း အချက်အလက်များက လွန်ခဲ့သည့် တစ်နှစ်အတွင်း ယေဘုယျအားဖြင့် စျေးနှုန်း ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် အာဏာမသိမ်းမီက အခြေအနေနှင့် ယှဉ်လျှင် ၃၀၀ ရာခိုင်နှုန်းနီးပါး (သုံးဆ) မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြနေသည်။
စားအုန်းဆီ တစ်ပိဿာပေါက်ဈေးမှာ စစ်တပ်အာဏာမသိမ်းခင်က ၁,၈၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုအချိန်တွင် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ရည်ညွှန်းစျေးသည်ပင် တစ်ပိဿာ ၅,၃၇၀ ကျပ်အဖြစ် သတ်မှတ်ထားသည့် အခြေအနေဖြစ်သည်။ သို့သော် တိုက်ပွဲများရှိနေသည့် ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဆီတစ်ပိဿာ ၃၅,၀၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်နေသည်လည်း ရှိသည်။
အချို့ ဝေးလံခေါင်သီသော ဒေသများနှင့် စစ်ရေးပဋိပက္ခ ဖြစ်ပေါ်နေသော ဒေသများတွင် ဆန်အပါအဝင် အခြေခံ စားသောက်ကုန် ပြတ်တောက်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။ ထို့အပြင် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ရပ်တန့်ကုန်သည့်အတွက် တောင်သူများ အပါအဝင် ကုန်သွယ်ရေး ကဏ္ဍတစ်ခုလုံးအပေါ် ရိုက်ခတ်မှုများ ရှိလာနေသည်။ အကြမ်းဖက်စစ်အုပ်စု ကိုယ်တိုင် ထိန်းသိမ်းထားသော အချက်အလက်များတွင်ပင်လျှင် နယ်စပ်နှင့် ရေကြောင်းကုန်သွယ်မှု ပမာဏ သိသိသာသာ လျော့ကျလာ သည်ကို ဖော်ပြလျက်ရှိသည်။
ပြည်တွင်းစားသုံးမှု၏ အခြေခံအကျဆုံးဖြစ်သည့် ဆန်စျေးမြင့်တက်မှုအပေါ် အကြမ်းဖက် စစ်အုပ်စု၏ တုံ့ပြန်မှုသည် ၎င်းတို့၏ စီးပွားရေးကဏ္ဍ စီမံခန့်ခွဲမှုပုံစံကို နမူနာ ဖော်ပြလျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၂ ရက်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဆန်များ ရောင်းချပေးမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဇွန်လ ၂၄ ရက်တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဆန်စပါးကုန်စည်ဒိုင်တွင် အိမ်ထောင်စု စာရင်းတစ်ခုလျှင် တစ်ဦးနှုန်း စတင် ဝယ်ယူခွင့် ပြုခဲ့သည်။ ဇွန် ၂၅ ရက်တွင် အိမ်ထောင်စု တစ်စုအတွက် တစ်လလျှင် အမျိုးအစားမတူသော ဆန်နှစ်အိတ် ရောင်းချပေးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အခြေခံပြည်သူအချို့မှာမူ ရောင်းချပေးသည့်ဆန်ထက် ဈေးသက်သာသည့် ဆန်ကွဲရော ဆန်ကိုသာ ဝယ်ယူစားသုံးရသည့် အခြေအနေရှိကာ တိရစ္ဆာန်အစာအဖြစ် သုံးသော ရေစို၍ အဝါဖောက်ကာ ပျက်စီးနေသည့် ဆန်များကို ဝယ်ယူစားသုံးရမှုများလည်း ရှိနေသည်။
ထိုသို့ မြန်မာနိုင်ငံ ဆန်အသင်းချုပ် (MRF) ၏ တုံ့ပြန်မှုမှာ အကြမ်းဖက်စစ်အုပ်စု၏ ဖိအားနှင့်ကင်းသော တုံ့ပြန်မှု မဟုတ်ပေ။ အကြမ်းဖက်စစ်အုပ်စုက ဇွန် ၂၀ ရက်မှ စတင်၍ ဈေးကွက်အတွင်း ဆန်ဈေးများ အဆမတန် မြင့်တက်လာမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုဥက္ကဌအပါအဝင် ဆန်ကုန်သည်များကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဇွန် ၂၁ ရက်တွင် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ဝန်းအတွင်းက ဆန်ပွဲရုံအချို့အား ချိတ်ပိတ်သိမ်းဆည်းခြင်း၊ ဆိုင်ကြီးများသို့ ဆန်သွင်းနေသော ပွဲစားများကို ဖမ်းဆီးခြင်းများ ပြုလုပ်ကာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ဇွန် ၂၅ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက One Stop Mart ၊ Makro ၊ Market Place ၊ City Mart ၊ စိန်ဂေဟာ၊ ဂမုန်းပွင့် အပါအဝင် ရန်ကုန်မြို့ရှိ နာမည်ကြီး လက်လီရောင်း ဈေးဝယ်စင်တာများတွင် ဆန်မရောင်းရန် တားမြစ်မှုများ ပြုလုပ်ခဲ့သည်။ ဇွန် ၃၀ ရက်တွင် ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမို ရောင်းချသည်ဟူသော စွပ်စွဲချက်ဖြင့် City Mart ၊ One Stop Mart ၊ စိန်ဂေဟာ၊ Aeon Orange တို့၏ အမှုဆောင် အရာရှိချုပ် (CEO) များ၊ ဒါရိုက်တာများ၊ အုပ်ချုပ်မှု ဒါရိုက်တာများ အပါအဝင် လုပ်ငန်းရှင် အချို့ကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူကြောင်း အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သည်။
ဆန်စပါးသည် ထင်သာမြင်သာသည့် ကဏ္ဍဖြစ်သည့် ဥပမာတစ်ခုဖြစ်သည့်တိုင် အခြားသော ကဏ္ဍများသည်လည်း အကြမ်းဖက်စစ်အုပ်စု၏ ကြမ်းတမ်းသော ဖိအားဒဏ်မှ ကင်းလွတ်ခွင့် မရကြပေ။
အဘက်ဘက်မှ ကုန်ဈေးနှုန်းမြှင့်တက်နေသည့်အချိန်တွင် ပြည်တွင်းရှိ လုပ်ငန်းရှင်အချို့က ဝန်ထမ်းလစာ တိုးမြှင့်ပေးမှုများ ရှိကာ လုပ်ခလစာတိုးမြှင့်ပေးကြောင်း ထုတ်ပြန်ကြေညာခဲ့သော လုပ်ငန်းအချို့လည်း အမှန်တရားကို ဖုံးကွယ်ထားလိုသည့် အကြမ်းဖက်စစ်အုပ်၏ ဒေါသသင့်မှုကို ခံခဲ့ကြရသည်။ ၂၀၂၄ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ဝန်ထမ်းလစာတိုးပေးသည့် လုပ်ငန်းရှင်အချို့အား မတည်မငြိမ်ဖြစ်စေသည် စွပ်စွဲချက်ဖြင့် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့သည်။
ထိုမတိုင်မီ ဇွန် ၂ ရက်တွင် အကယ်ဒမီ၊ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်ကဲ့သို့သော ရွှေဆိုင်နှင့် ရွှေလုပ်ငန်းရှင်များအား အမှန်တကယ် အရောင်းအဝယ် မဖြစ်သည့် ဈေးနှုန်းများဖြင့် ဈေးကစား၍ နိုင်ငံ့ စီးပွား မငြိမ်မသက်အောင် ဆောင်ရွက်သည်ဟု စွပ်စွဲကာ ၎င်းတို့ကို အရေးယူမည်ဟု အကြမ်းဖက်စစ်အုပ်စုက ကြေညာခဲ့သည်။
ထို့အပြင် ကျပ်ငွေတန်ဖိုး အလျင်အမြင် ကျဆင်းလာနေသည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဟွန်ဒီလုပ်ငန်းနှင့် ငွေလဲ လုပ်ငန်းလုပ်ကိုင်သူများကိုလည်း အရေးယူမည်ဟု ကြေညာခဲ့သေးသည်။
နောက်ဆုံးဖြစ်စဉ်တစ်ခုအနေဖြင့် ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး အိမ်ရာဘဏ် အပါအဝင် ဘဏ် (၇) ခုအား အိမ်ရာချေးငွေများကို များစွာထုတ်ချေးလျက်ရှိသည့်အပြင် ဗဟိုဘဏ် သတ်မှတ် ရာခိုင်နှုန်းထက် ကျော်လွန်ထုတ်ချေးထားကြောင်း စွပ်စွဲချက်ဖြင့် ဘဏ်တာဝန်ရှိသူများ အား ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သော ဆင်းရဲမွဲတေမှုသည် ၂၀၂၃ ခုနှစ်တွင် ၃၂ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက် ဖိအားပေး ကိုင်တွယ်မှုများဖြင့် ဆိုးရွားစွာ ပျက်ဆီးလာနေသော စီးပွားရေးကဏ္ဍတွင် လူ့အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေး စသည်တို့ ဆိတ်သုဉ်းလျက် နေ့စဉ်နှင့်အမျှ ဖိနှိပ်မှု အမျိုးမျိုးရင်ဆိုင်နေရသော မြို့ပြနေ ပြည်သူများအနေဖြင့် ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုကို ခံစားနေကြရသလို၊ နေ့စဉ် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းမှ တိုက်ခိုက်မှုများ၊ ဝင်ရောက်စီးနင်းမှုများ၊ မီးရှို့ဖျက်ဆီးမှုများကို ရင်ဆိုင်နေရသည့် ပြည်သူလူထုအနေဖြင့်လည်း စားနပ်ရိက္ခာပြတ်လပ်မှုများကို ရင်ဆိုင်နေကြရသည်။