၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက အာဏာသိမ်းခဲ့သော စစ်အုပ်စုသည် အာဏာသိမ်းမှု ရက်ပေါင်း ၁,၆၄၁ ရက်မြောက်သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရားဖြစ်သော “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ကို ဖျက်သိမ်းခဲ့ပြီး ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို ထုတ်ဖော်ကြေညာလာခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ယာယီသမ္မတ ရာထူးကို ဆက်လက်ရထားဆဲဖြစ်ပြီး၊ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌနေရာကို ရယူထားသည်။
တနိုင်ငံလုံးအဆင့် အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရုတ်သိမ်းခဲ့ပြီး မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေအောက်တွင် ဆက်လက်ထားရှိခဲ့သည်။
ရွေးကောက်ပွဲကျင်းပရာတွင် “ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်” (Mixed Member Proportional) စနစ်ကို ကျင့်သုံးမည်ဟု စစ်ခေါင်းဆောင်က ဇူလိုင် ၃၁ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်မှုကို ဇူလိုင်လ (၂၉) ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သြဂုတ်လ (၁၅) ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကို ခွဲခြမ်းသတ်မှတ်မှုကို စစ်အုပ်စု လက်အောက်ခံရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလတွင် တကြိမ်၊ ၂၀၂၆ ဇန်နဝါရီလတွင် တကြိမ် နှစ်ပိုင်းခွဲကျင်းပမည်ဟုကြေညာခဲ့ပြီး၊ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည်ဟု သြဂုတ်လ ၂၀ ရက်နေ့တွင် ကြေညာခဲ့သည်။
ACLED (Armed Conflict Location & Event Data) အဖွဲ့က စုဆောင်းထားသည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့အတွင်း စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအင်အားစုများထံ နယ်မြေဆုံးရှုံးမှု (၆၇၄) ကြိမ်ရှိခဲ့ပြီး၊ စစ်အုပ်စုက ထိုနယ်မြေများကို ပြန်လည်သိမ်းယူနိုင်မှု အကြိမ် (၂၀) သာ ရှိခဲ့သည်။ မြို့နယ်ပေါင်း ၆၀ ခန့်မှာ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အဆိုပါ မြို့နယ်များသည် စစ်အုပ်စုက အရေးပေါ်အခြေအနေ ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားရသော မြို့နယ်များ ဖြစ်သည်။
ကျန် (၂၆၇) မြို့နယ်တွင် အရေးပေါ်အခြေအနေ ရုတ်သိမ်းထားသည်ဟု စစ်အုပ်စုက ကြေညာပြီး နောက်တနေ့တွင်ပင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပါ ပုဒ်မ ၅၊ ၇ နှင့် ၈ တို့ကို ရပ်ဆိုင်းခဲ့သည်။ ထိုရပ်ဆိုင်းခဲ့သည့် ပြဌာန်းချက်များသည် ဝရမ်းမပါဘဲ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ နောက်ယောင်ခံခြင်း၊ ကြားဖြတ်နားထောင်ခြင်း၊ ပုဂ္ဂလိကပိုင် ပစ္စည်းများအား ပျက်ဆီးစေခြင်း၊ သိမ်းယူခြင်းတို့မှ နိုင်ငံသားများကို ကာကွယ်ပေးထားသည့် ပုဒ်မများ ဖြစ်သည်။ ထိုပုဒ်မများအနက်မှ အချို့သည် သန်းရွှေ ဦးဆောင်သည့် စစ်အုပ်စုကပင် ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်လျှင် အကာအကွယ်ပေးထားသည့် အခြေခံအခွင့်အရေးများ ဖြစ်သည်။
စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲစနစ်ကို သိသိသာသာ ပြောင်းလဲရန် ရည်ရွယ်ပြီး “ရောနှောထားသော ကိုယ်စားလှယ်အချိုးကျ” (Mixed-Member Proportional - MMP) စနစ်ကို ကျင့်သုံးမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ထိုသို့ပြောင်းလဲရခြင်းမှာ “တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်တွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေး” အတွက် ရည်ရွယ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ ပေါင်းစပ်ကိုယ်စားပြုမှု (hybrid) ပုံစံများအနက် အဓိက (၂)မျိုးကို ပြန်လည်အနှစ်ချုပ် တင်ပြအပ်ပါသည်။
ရောနှောထားသော ကိုယ်စားလှယ် အချိုးကျ (Mixed-Member Proportional - MMP) စနစ် ဆိုသည်မှာ လွှတ်တော်တရပ်အတွက် မဲဆန္ဒရှင်တဦးက မဲနှစ်မျိုး ပေးရသည့်စနစ် ဖြစ်သည်။ ပထမမဲမှာ များသောအားဖြင့် မဲအများဆုံး ရရှိသူအနိုင်ရသည့် စနစ် (First-Past-the-Post) စနစ်ဖြင့် ပေးရသည့် မဲစာရင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်း လူပုဂ္ဂိုလ်ကို ကိုယ်စားလှယ်တဦး မဲဆန္ဒနယ် တနယ် (Single-Member District) အဖြစ် ဦးတည်ပေးရခြင်း ဖြစ်သည်။ နောက်တမဲမှာ ပါတီစာရင်းအနက်မှ မိမိနှစ်သက်သည့် ပါတီကို အချိုးကျကိုယ်စားပြု (Proportionate Representation) စနစ်ဖြင့် ရွေးချယ်မဲပေးရခြင်း ဖြစ်သည်။ ဒုတိယမဲ၏ ရလဒ်က ယေဘုယျ အချိုးကျမှုကို ဖော်ဆောင်နိုင်စေရန်အတွက် ကိုယ်စားလှယ်အရေအတွက်ကို ဆုံးဖြတ်သွားမည် ဖြစ်သည်။ မဲအရေအတွက် ရာခိုင်နှုန်းနှင့် FPTP နှင့် PR စနစ် နှစ်ခုပေါင်းရလဒ်တွင် ရရှိသည့် ကိုယ်စားလှယ်စုစုပေါင်းရာခိုင်နှုန်း အချိုးကျမှုရှိစေရန်အတွက် ဒုတိယမဲကြောင့် ပေါ်ထွက်လာသည့်ရလဒ်ဖြင့် ချိန်ညှိပေးရသည့်စနစ် ဖြစ်သည်။
ရောနှောထားသော ကိုယ်စားလှယ် အမျာစု (Mixed-Member Majoritarian - MMM) စနစ် ဆိုသည်မှာ လွှတ်တော်တရပ်အတွက် မဲနှစ်မျိုးပေးရသည့် စနစ်ဖြစ်သော်လည်း၊ ထိုအလွှာနှစ်ခုကို ချိတ်ဆက်မထားဘဲ သီးခြားစီသာ ထားရှိသည့် စနစ် ဖြစ်သည်။ ထို့ကြောင့် ပါတီစာရင်းကို ပေးရသည့် PR မဲရလဒ်သည် FPTP နှင့် PR စနစ် နှစ်ခုပေါင်းရလဒ်တွင် အချိုးညီမှုဖြစ်စေရန် လွှမ်းမိုးမှုမရှိသဖြင့် ယေဘုယျရလဒ်မှာ အချိုးမညီဖြစ်မည် ဖြစ်သည်။
စစ်အုပ်စုသည် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်နယ်လွှတ်တော်များအတွက် MMP စနစ်ကို ကျင့်သုံးမည်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း ပြင်ဆင်ထားသည့် ရွေးကောက်ပွဲဥပဒေများတွင်မူ ပါတီကိုယ်စားပြု မဲရလဒ်ရေတွက်မှု အသေးစိတ် ဖော်ပြပါရှိခြင်း မရှိပေ။ နည်းဥပဒေများတွင် ထပ်မံပါဝင်လာခြင်းမရှိပါက FPTP နှင့်PR စနစ်အကြား ချိတ်ဆက်ထားခြင်းမရှိသည့် MMM စနစ် ဖြစ်လာရန် အလားအလာ ပိုမိုများပြားသည်။
PR စနစ်ကို ပေါင်းစပ်အသုံးပြုရန် ရည်ရွယ်သည့် အကြောင်းပြချက်တွင် ကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရေးဟု ဆိုခဲ့သော်လည်း တကယ့်လက်တွေ အကောင်အထည်ဖော်မှုမှာ အခြားဖြစ်နိုင်ချေ ရည်ရွယ်ရင်းတခုကို ဖော်ပြလျက် ရှိသည်။ ၎င်းမှာ ရွေးကောက်ပွဲကို ပျံ့ကြဲနေသော နေရာအနည်းစုတွင်သာ ကျင်းပပြီး လွှတ်တော်ကိုယ်စားလှယ်နေရာအများစုကို ဖြည့်စွက်ရန်ဖြစ်သည်။ ထို့အတွက် ပေါင်းစပ်ကိုယ်စားပြုမှုပုံစံနှင့် အတူ မဲဆန္ဒနယ်မြေပုံကို လိုသလို ရေးဆွဲမှု (Gerrymandering) ပြုလုပ်ခြင်း ဖြစ်သည်။
ဖြစ်ရိုးဖြစ်စဉ် မဲဆန္ဒနယ်မြေပုံကို လိုသလို ရေးဆွဲမှုများမှာ ပါတီတခုအတွက် လိုအပ်သော အနိုင်အရှုံးကို လိုသလို ပုံဖော်နိုင်စေရန်အတွက် ထောက်ခံမှုသေချာသည့် ဒေသများကို စုစည်းခြင်း၊ ခွဲဝေဖြန့်ကျက်ခြင်း ဖြစ်သည်။ စစ်အုပ်စုအတွက်မူ အဓိကအင်အားကြီးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကဲ့သို့သော ပါတီများကို ဖျက်သိမ်းထားပြီး နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်ခံထားရသည့် အခြေအနေတွင် ၎င်းကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ၎င်းကို ထောက်ခံသည့်ပါတီအချို့ကသာ ဝင်ရောက်ယှဉ်ပြိုင်၊ အနိုင်ရနိုင်သည့် အခြေအနေကို ဖန်တီးထားပြီးသား ဖြစ်သည်။ ထိုအခြေအနေတွင် ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်သည့် အသွင်သဏ္ဍာန်ကို ဖန်တီးနိုင်ရန် လိုအပ်သည့်အတွက် ဖြစ်သည်။
မဲဆန္ဒနယ်မြေပုံများကို စိတ်ကြိုက်ရေးဆွဲခွင့်ရှိနေသည့် စစ်အုပ်စု လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်မှုများအပေါ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ရန် သေချာပြီးဖြစ်သည့် မြို့နယ် (၆၃) မြို့နယ်နှင့် ပထမပိုင်းအဖြစ် ကျင်းပမည့် မြို့နယ် (၁၀၂) မြို့နယ်များကို ယှဉ်တွဲကြည့်လျှင် ရွေးကောက်ပွဲမလုပ်နိုင်မည့် မြို့နယ်များနှင့် လုပ်နိုင်မည့်မြို့နယ်များကို မဲဆန္ဒနယ်တခုစီတွင် ယှဉ်တွဲထည့်သွင်းထားသည်ကို မြင်နိုင်သည်။
များသောအားဖြင့် PR စနစ်အတွက် နိုင်ငံအဆင့်နှင့် ဒေသကြီးများ ပေါင်းစည်းထားသည့် (ဥပမာ ပြည်နယ် နှစ်ခု၊ သုံးခု ပေါင်းစည်းထားသည့်) မဲဆန္ဒနယ်အတွက် ပြုလုပ်ကြလေ့ရှိသော်လည်း စစ်အုပ်စုအနေဖြင့် PR စနစ်အတွက် ပြည်နယ်တခုချင်းစီမှာပင် မဲဆန္ဒနယ်များ နှစ်ခု၊ သုံးခု ထပ်ခွဲခြမ်းခဲ့သည်။ ထိုသို့ ခွဲခြမ်းခြင်းက ကိုယ်စားလှယ်တနေရာစာအတွက် ရရန်လိုအပ်သည့် မဲအရေအတွက် ရာခိုင်နှုန်း (Threshold) ကို ပိုမိုမြင့်မားစေမည်ဖြစ်ပြီး၊ အင်အားကြီးပါတီကသာ လွှမ်းမိုးမှုကို ဖြစ်စေမည် ဖြစ်သည်။
ထင်ရှားသည့် ဥပမာမှာ ရခိုင်ပြည် ဖြစ်ပြီး ရခိုင်ပြည်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ် သုံးမြို့နယ်တွင် တမြို့နယ်ကို PR စနစ်ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် (၁) အဖြစ်၊ ကျန် နှစ်မြို့နယ်ကို မဲဆန္ဒနယ်(၂)အဖြစ် ထည့်သွင်းထားသည်။ ထိုနည်းဖြင့် မြို့နယ် သုံးမြို့နယ်တွင် မဲရုံကွက်ကျား ဖွင့်လှစ်နိုင်ရုံမျှဖြင့် ရခိုင်တပြည်လုံးအတွက် ကိုယ်စားလှယ်နေရာ (၆) ဦးကို ဖြည့်နိုင်မည် ဖြစ်သည်။ ထို့အပြင် FPTP နည်းဖြင့် ကိုယ်စားလှယ် (၂) ဦး ထပ်မံဖြည့်တင်းနိုင်ဦးမည် ဖြစ်သည်။ ရခိုင်ကဲ့သို့ (၁၇) မြို့နယ်ရှိသည့် ပြည်နယ်တခုတွင် မြို့နယ် (၃) နေရာတွင် ကွက်ကျားရွေးကောက်ပွဲ ကျင်းပနိုင်ရုံဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၁၂) ဦး အနက် (၈) ဦးကို ဖြည့်တင်းနိုင်မည့် အခြေအနေမှာ မဲပေးခွင့်ရှိသူ သန်းပေါင်းများစွာ မပါဝင်ပဲ ရွေးကောက်ပွဲ ပြုလုပ်မည့် ကြီးမားသည့် မဲပေးခွင့်ဆုံးရှုံးစေမှု (Disenfrenchisement) ဥပမာတရပ် ဖြစ်သည်။
ထို့အပြင် အမျိုးသားလွှတ်တော်၏ FPTP တပြည်နယ်လျှင် ၆ နေရာအတွက် သတ်မှတ်ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုစီကို မဲဆန္ဒနယ်တနယ်စီသတ်မှတ်ရန် ဥပဒေတွင် ပြဌာန်းထားသဖြင့် ရှမ်းပြည်နယ်တွင် မြို့နယ် ၈၁ မြို့နယ် ရှိသည့်အနက် မြို့နယ် ၄၁ မြို့နယ်ကို လွှမ်းခြုံသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅) ခု သည် ကိုယ်စားလှယ်တဦးစီ ပါဝင်သည့်မဲဆန္ဒနယ်များ ရရှိသွားပြီး၊ ကျန် မြို့နယ် (၄၀) အားလုံးပေါင်းသည် မဲဆန္ဒနယ်တနယ်အဖြစ်သာ ပေါင်းစည်းခံလိုက်ရပြီး မဲပေးခွင့်ရှိသူအရေအတွက်နှင့် ကိုယ်စားလှယ်အရေအတွက်အကြား အချိုးမညီမှု (Malapportionment) ကြီးမားစွာ ဖြစ်ပေါ်စေသည်။
စစ်အုပ်စု၏ ပေါင်းစပ်ထားသည့် ရွေးကောက်ပွဲစနစ်သည် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှုကို မြှင့်တင်ရန်ဟူသည့် အပေါ်ယံရည်ရွယ်ချက်ထက် မဲဆန္ဒနယ်များတွင် ကွက်ကျား ရွေးကောက်ပွဲ အနည်းငယ်လုပ်ပြီးနောက် အင်အားကြီးပါတီ (USDP) သိသိသာသာ အသာစီးရရန် သေချာသည့်စနစ်သာ ဖြစ်သည်။
ရွေးကောက်ပွဲများကို အပိုင်းလိုက်ကျင်းပရန် လျာထားပြီး ပထမပိုင်းဖြစ်သည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် (၁၀၂) မြို့နယ်တွင် ကျင်းပမည်ဟု စစ်အုပ်စုက ထုတ်ပြန်ကြေညာထားသည်။ ထိုသို့ အပိုင်းလိုက်ကျင်းပမည့်မြို့နယ်များကို ကြည့်ပါက နိုင်ငံအနှံ့အပြားတွင် မြို့နယ်များကို ဖြန့်ကျဲထားသည်ကို တွေ့နိုင်သည်။
စစ်အုပ်စုသည် နယ်မြေများကို စိတ်ကြိုက်မဲဆန္ဒနယ် ရေးဆွဲပြီးနောက် အပိုင်းလိုက် ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် ပထမပိုင်းအပြီးတွင်ပင်လျှင် အမတ်နေရာအများစုကို ဖြည့်တင်းရန် ကြိုတင်ပြင်ဆင်ထားသည်ကို တွေ့နိုင်သည်။ အကယ်၍ ဒေသအချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိလျှင်ပင် ပထမပိုင်းရလဒ်များဖြင့်ပင် ရွေးကောက်ပွဲကို ဖော်ဆောင်သွားနိုင်သည်။ ထိုနည်းဖြင့် အခြေအနေအပြောင်းအလဲရှိသည့်တိုင် လိုအပ်သော ကိုယ်စားလှယ်နေရာကို ထိခိုက်ခြင်းမရှိစေရန်အတွက် ထိန်းချုပ်ရန် ကြိုးပမ်းမှု ဖြစ်သည်။
အပိုင်းလိုက်ကျင်းပခြင်း၏ နောက်ထပ်ဖြစ်နိုင်ချေမှာ ပထမပိုင်းတွင် ရရှိသောရလဒ်အပေါ် မူတည်၍ စစ်အုပ်စုကျောထောက်နောက်ခံ ပါတီအတွက် ရလဒ်အခြေအနေကို လိုအပ်သလို ထိန်းချုပ်နိုင်စေရန် ဖြစ်သည်။ ပထမပိုင်းတွင် ရလဒ်မကောင်းပါက ဒုတိယပိုင်းမတိုင်မီကာလတွင် မဲဝယ်ခြင်းမှသည် အကြမ်းဖက်ခြိမ်းခြောက်ခြင်းအထိ နည်းလမ်းမျိုးစုံအသုံးပြု၍ ရလဒ်အပြောင်းအလဲကို ဖော်ဆောင်ရန် ကြိုးပမ်းနိုင်သည်။
စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲတွင် အီလက်ထရောနစ်မဲပေးစနစ်ကို ကျင့်သုံးရန် ပြင်ဆင်လာခဲ့သည်မှာ ၂၀၂၀ ခုနှစ်ကတည်းကပင် ဖြစ်သည်။ သို့သော် အဆိုပါစနစ်ကို အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး စိုးရိမ်လောက်စရာ အခြေအနေပေါင်းများစွာရှိသည်မှာ အထူးအခြား ဖော်ပြရန်ပင် မလိုပေ။ စစ်အုပ်စုက တိုက်ရိုက်ထိန်းချုပ်ခွင့်ရနေသည့် မဲပေးစနစ်တွင် အမှန်တကယ် လျှို့ဝှက်မဲပေးစနစ် ဖြစ်-မဖြစ် ဟူသည်မှာ မဲပေးမည့်ပြည်သူတဦးစီအတွက် ခြိမ်းခြောက်မှု ဖြစ်နေမည် ဖြစ်သည်။ ထို့အတူ အဆိုပါ မဲပေးစနစ်ကို အကောင်အထည်ဖော်မှုတွင် မည်သည့် ကုမ္ပဏီ ပါဝင်သည်၊ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို မည်သို့ ထိန်းသိမ်းကိုင်တွယ်မည်ဟူသည့် အချက်မှာ ရှင်းလင်းမှုမရှိဘဲ ရေရှည် ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်သည်။ ထိုအခြေအနေကို ကိုယ်ရေးအချက်အလက်များကို အသုံးပြု၍ လေယာဉ်ကွင်းများတွင် ဖမ်းဆီးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေသည့် အခြေအနေကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ရေရှည် ကိုယ်ရေးအချက်အလက်လုံခြုံမှုအပေါ် သက်ရာက်မှု ကြီးမားနိုင်သည်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။
ထို့အပြင် UID (Unique Identification Number) စနစ်ဖြင့် မဲစာရင်းကို ချိတ်ဆက်ထားမည်ဆိုပါက ပြည်သူများကို မဖြစ်မနေ မဲပေးစေရန်အတွက် ဖိအားပေးခြိမ်းခြောက်မှု လမ်းစတခုလည်း ဖြစ်လာနိုင်သည်။ ပြင်ဆင်ထားသောဥပဒေများတွင် “ယာယီနေရပ်စွန့်ခွာသူများ” အနေဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ကြိုတင်မဲထည့်နိုင်ရန် ဖော်ပြထားသည်ကိုလည်း တွေ့ရှိရသည်။ ရွေးကောက်ပွဲမဲထည့်ခြင်း၊ မထည့်ခြင်း ဟူသည့် ဆုံးဖြတ်ချက်အပေါ် ဖိအားပေးမှု၊ ၎င်းအပေါ်အခြေခံ၍ ခြိမ်းခြောက်မှု၊ ဖိနှိပ်မှုပြုလုပ်လာနိုင်သည်ကိုလည်းသတိပြုရန် လိုအပ်သည်။
ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီး နောက်တနေ့တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပါ အရေးကြီးသည့် ပြဌာန်းချက်များကို ရပ်ဆိုင်းခဲ့သလိုပင် ဖိနှိပ်သည့်ဥပဒေသစ်များကို ပြဌာန်းခြင်း၊ အသက်ဝင်စေခြင်းတို့ကိုလည်း တဆက်တည်း ပြုလုပ်လာခဲ့သည်။
အွန်လိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုကြီးလေးစွာ ထိန်းချုပ်ကန့်သတ်ပြီး ပြည်သူအများစု အသုံးပြုနေသည့် လူမှုကွန်ရက်တခုဖြစ်သည့် Facebook အပါအဝင် အင်တာနက်ဝန်ဆောင်မှုများအတွက် VPN အသုံးပြုခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း၊ အင်တာနက်ဖြတ်တောက်မှု၊ ကိုယ်ရေးအချက်အလက် စုဆောင်းထိန်းသိမ်းမှုဖြစ်စေရန် လက်နက်ဖြစ်စေသော ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇူလိုင်လ ၃၀ ရက်နေ့တွင် အသက်ဝင်ကြောင်း ကြေညာခဲ့သည်။
ထို့အပြင် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောက်ယှဥ်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကို ဇူလိုင်လ (၂၉) ရက်နေ့တွင် ပြဌာန်းခဲ့သည်။ ဖိနှိပ်မှုအတွက် ရည်ရွယ်သည့် ဥပဒေများအတိုင်း ကျယ်ပြန့်သည့် တားမြစ်ချက်များတွင် ရွေးကောက်ပွဲ ပျက်ပြားစေရန် ဟောပြော၊ စည်းရုံးခြင်းများမှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပြီး ထောင်ဒဏ် (၃) နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်ရန်ပြင်းပြင်းထန်ထန် ပြဌာန်းထားသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သည့် ဝေဖန်ပြောဆိုဆွေးနွေးမှုကိုမှ လက်ခံမည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ဖိနှိပ်ရန်အတွက် ထင်ထင်ရှားရှား ခြိမ်းခြောက်မှုတခုပင်ဖြစ်သည်။
နိဂုံး
စစ်အုပ်စု၏ ရွေးကောက်ပွဲသည် စစ်မှန်သည့် ရွေးကောက်ပွဲမဟုတ်ဟု ထောက်ပြပြောဆိုမှုများ ရှိကြပြီးဖြစ်သည့်တိုင် စစ်အုပ်စု ကျင်းပမည့်ရွေးကောက်ပွဲ၏ရေရှည်ဆိုးကျိုး သက်ရောက်နိုင်ချေများအပေါ် ဆွေးနွေးမှု နည်းပါးနေဆဲ ဖြစ်သည်။ ပုံမှန်မဟုတ်သော နိုင်ငံရေးစနစ်၊ နိုင်ငံရေးယန္တရားကို တည်ဆောက်မှုသည် စစ်အုပ်စု၏ အာဏာဆက်လက်တည်မြဲရေးအတွက်သာ ပုံဖော်တည်ဆောက်ထားခြင်းဖြစ်ရာ အပေါ်ယံ ကတိကဝတ်များ၏ နောက်ကွယ်တွင် စစ်အုပ်စုနှင့် ၎င်းကျောထောက်နောက်ခံပေးထားသည့် နိုင်ငံရေးပါတီ၏ ရေတိုရလဒ်နှင့် ရေရှည်အကျိုးစီးပွားသာ ပါဝင်နေသည်ကို အရှင်းသား မြင်နိုင်သည်။ ဂုဏ်သိက္ခာကင်းမဲ့သော လုပ်ငန်းစဉ်တခုဖြင့် ဂုဏ်သိက္ခာကို ဖန်တီးထုတ်လုပ်၍ ရမည်ကား မဟုတ်ပေ။
ရင်းမြစ်များ
၁။https://www.moi.gov.mm//mal/sites/default/files/newspaper-pdf/2025-08/mal%201.8.25_0.pdf
၂။https://acleddata.com/conflict-data
၃။https://www.uec.gov.mm/pages.php?pagename=ဥပဒေ&menu=ဥပဒေ
၄။https://news-eleven.com/article/304968
၅။https://www.burmalibrary.org/sites/burmalibrary.org/files/obl/mal_2.1.25.pdf
၆။https://www.moi.gov.mm//mal/sites/default/files/newspaper-pdf/2025-07/mal30-7-25.pdf