အဖွဲ့အစည်းများ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်

ALDနိုင်ငံရေးပါတီ

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (Araken League for Democracy – ALD) ပါတီသည် ရခိုင်ပြည်နယ် အခြေပြု ပါတီတစ်ခု ဖြစ်သည်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံအား အခြေခံကာ ရခိုင်-မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်း၊ ဒေါက်တာစောမြအောင်တို့က ဦးဆောင်ကာ ရခိုင်ပြည်နယ် ၁၇ မြို့နယ် ကိုယ်စားလှယ်များဖြင့် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ထည်ထောင်သည်။

ပါတီအား ဒီမိုကရေစီရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်အပေါ် အခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟူသော မူဝါဒအပေါ် အခြေခံထားသည်။ အောက်တိုဘာ ၂ ရက်တွင် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ခဲ့ပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ရခိုင်ပြည်နယ်၌ အမတ်နေရာ ၁၁ နေရာအထိ အနိုင်ရခဲ့သည်။

သို့သော် စစ်တပ်က ရွေးကောက်ပွဲ အနိုင်ရသူများအား အသိအမှတ်မပြုဘဲ အမျိုးသားညီလာခံသုံး၍ အာဏာသိမ်းခဲ့ပြီးနောက် ALD ပါတီအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတ လက် ထက် ၁၉၉၂ ခုနှစ်တွင် တစ်ဖက်သတ် ဖျက်သိမ်းပစ်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်တွင် ပါတီအား ပြန်လည်မှတ်ပုံတင်ခဲ့ကာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တွင် ဦးဆောင်ပါဝင်ခဲ့သည်။

ရခိုင်လူမျိုးများ၏ အကျိုးစီးပွားကို ပိုမိုဆောင်ရွက်နိုင်မည်ဟု ဆိုသည့် ယုံကြည်ချက်ဖြင့် ၂၀၁၃ ခုနှစ် ဇွန်လတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ပူးပေါင်းကာ ရခိုင်အမျိုးသားပါတီ (ANP) အမည်ဖြင့် ပါတီနှစ်ခု ပေါင်းစည်းရေး သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့သည်။ ထိုသို့ ပေါင်းစည်းရေးအတွက် မေလကလည်းက စတင်ခဲ့ခြင်းဖြစ်ကာ ရှစ်လကျော်ကြာ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ပြီးမှ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ANP အမည်ဖြင့်ပင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဒေသတွင်း မဲဆန္ဒနယ်အများအပြား၌ အနိုင်ရရှိခဲ့သည်။ ထို့ပြင် ALDခေါင်းဆောင်ဟောင်းလည်း ဖြစ်၊ ANP ပါတီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးအောင်သာအောင်အား NLD အစိုးရက အမျိုးသားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ်တွင် ပါတီတွင်း မူဝါဒပိုင်းဆိုင်ရာ သဘောထားမတိုက်ဆိုင်မှုများကြောင့် ယခင်အမည် ALD အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ကာ လူသစ်အချို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

NLD အစိုးရနှင့် ပတ်သက်၍ ၂၀၂၀ ပြည့် မတ်လ ၂၄ ရက်တွင် ရခိုင်ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် အစိုးရအနေဖြင့် ကိုယ်ချင်းစာ တရားထားကာ ရခိုင်စစ်ဘေးကို ပြန်လည်သုံးသပ်၍ မှန်ကန်သည့်နည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်မည့် လုပ်ငန်းစဉ်တစ်ရပ် ချမှတ်နိုင်ရေး တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုအနက် ကိုးခုတွင် မကျင်းပနိုင်ခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၀ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ALD ပါတီမှာ တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်း မရှိခဲ့ပေ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အုပ်စု အာဏာသိမ်းယူမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြရန်နှင့် နိုင်ငံတွင် စစ်အာဏာရှင်စနစ်၊ ဒီမိုကရေစီအာဏာရှင်စနစ်ကို လက်ခံမည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင် ALD ပါတီက ထုတ်ပြန်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ဖျက်သိမ်းကာ အသစ်ပြန်လည် ဖွဲ့စည်းပြီးနောက် ပါတီမှတ်ပုံတင်ခြင်းဥပဒေအား အသစ်ပြင်ဆင် ပြဋ္ဌာန်းခဲ့ရာ ပြန်လည်မှတ်ပုံတင်ခြင်းမပြုရန် ဆုံးဖြတ်ပါခဲ့သည့်အတွက် တစ်ဖက်သတ် ဖျက်သိမ်းပစ်ခဲ့သည်။