ရခိုင်ပြည်အမျိုးသားကောင်စီ
ရခိုင်ပြည် အမျိုးသားကောင်စီ (Araken National Council – ANC) ကို ၂၀၀၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ရခိုင်အင်အားစုများ စုပေါင်း၍ တည်ထောင်ခဲ့သည်။ အင်အားစုများ၌ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (All Araken Students’ and Youths’ Congress – AASYC) ၊ ရခိုင်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (National United Front of Araken – NUFA) နှင့် ရခိုင်ပြည် လွတ် မြောက်ရေးတပ်မတော် (Araken Liberation Army – ALA) တို့ ပါဝင်သည်။
ကောင်စီအား ရည်ရွယ်ချက် ငါးရပ်၊ နိုင်ငံရေး လမ်းညွှန်ချက် ငါးရပ်တို့ဖြင့် တည်ထောင်ထားသည်။ ရည်ရွယ်ချက် ငါးရပ်တွင် (၁) လူမျိုးစုံ ရခိုင်ပြည်သူလူထု တစ်ရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ (၂) အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး (၃) အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို မြှင့်တင်ရေး (၄) မြန်မာပြည်ရှိ လူမျိုးစုတိုင်း နိုင်ငံသူ/သားတိုင်း အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး (၅) လူသားမျိုးနွယ်စုတစ်ခုလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး တို့ ဖြစ်သည်။
နိုင်ငံရေး လမ်းညွှန်ချက် ငါးရပ်မှာ (၁) ရခိုင်ပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ရေး (၂) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး (၃) ပြည်ထောင်တိုင်း နိုင်ငံရေးအရ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး (၄) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး (၅) စည်းလုံးခိုင်မာသော ရခိုင်ပြည် တည်ဆောက်ရေး တို့ ဖြစ်သည်။
ANC/AA သည် ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (ANPCC) တွင် အဖွဲ့ဝင်ဖြစ်ကာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှတစ်ဆင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပါဝင်ကာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာ ချုပ် (NCA) ၌ ပါဝင်လက်မှတ် ထိုးနိုင်ရေး ဆောင်ရွက်ခဲဖူးသည်။ သို့သော် လက်နက်နှင့် လူအင်အား သေးငယ်သည့်အဖွဲ့ဟု ဆိုကာ အစိုးရနှင့် စစ်တပ်က ခွဲခြားဆက်ဆံခဲ့သည့်အတွက် NCA ၌ လက်မှတ်ထိုးရေးတွင် ချန်လှပ်ခံခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်မှစ၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ၌ ပါဝင်ခြင်း မပြုလုပ်တော့ပေ။
ANC/AA သည် ကရင်အမျိုးသားအစည်းအရုံး (KNU) စိုးမိုးဒေသဖြစ်သည့် တပ်မတော် (၅) နယ်မြေ ဖာပွန်ခရိုင်၌ ဌာနချုပ်ဖွင့်လှစ်ထားကာ ခန့်မှန်းအင်အား ၁၀၀ နှင့်အထက် ရှိသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ၎င်းအခြေစိုက်သည် ဒေသအတွင်း KNU လက်အောက်ခံ KNLA တပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီစခန်းသိမ်း တိုက်ပွဲများ၌ ပါဝင် တိုက်ခိုက်လျက် ရှိသည်။ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များ၊ KNLA တို့နှင့် ပူးပေါင်း၍လည်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။