အဖွဲ့အစည်းများ

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့

CDSOMလက်နက်ကိုင်တော်လှန်ရေး

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွန်မှုများနှင့်အတူ ဆက်လက်လုပ်ဆောင်နေပြီး မြောင်မြို့နယ် အပါအဝင် စစ်ကိုင်းဒေသ၊ မကွေးဒေသ၊ မန္တလေးဒေသများတွင် လှုပ်ရှားလျက်ရှိကာ အထူးသဖြင့် ဧရာဝတီမြစ် တဝိုက်ရှိ အင်အားစုများနှင့် ပူးပေါင်းကာ တိုက်ပွဲများဖော်ဆောင်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကောလင်းမြို့အား သိမ်းပိုက်တိုက်ခိုက်ရာတွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)လည်း ပါဝင်ခဲ့ကြောင်းကို ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (Civil Defense and Security Organization Myaung-CDSOM)ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာစစ်တပ်က မြောင်မြို့န​ယ်တွင် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် တာဝန်ခံ ကိုနွေဦးက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် တိုက်နယ်သပိတ်ခေါင်းဆောင်များ၊ CDM ခေါင်းဆောင်များနှင့်အတူ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)အား ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။ CDSOM ၏ ရည်ရွယ်ချက်တစ်ခုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မဟာမိတ်များဖြင့် စုစည်းကာ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ထိုရည်ရွယ်ချက်အတိုင်းပင် မြောင်မြို့နယ်ရှိ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များသာမက ဒေသတွင်းတော်လှန်ရေး အင်အားစုများနှင့် စုစည်းကာ မြန်မာစစ်တပ်အား တိုက်ခိုက်ရင်ဆိုင်နိုင်ယုံသာမက စိုးမိုးနယ်မြေများပင် ရရှိနေခဲ့ကြောင်း CDSOM တစ်နှစ်ပြည့် မဇ္ဇိမသတင်းဌာနနှင့် အင်တာဗျူးတွင် တင်ပြခဲ့သည်။

"မဟာမိတ်တွေနဲ့ပေါင်းပြီး တော်လှန်ရေးကို လုပ်ခဲ့ကြတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီတော်လှန်ရေးကြီးက ကျွန်တော်တို့တစ်ဖွဲ့ထဲ တစ်ယောက်ထဲ တိုက်နေယုံနဲ့မပြီးဘူး။ ကျွန်တော်တို့လို ရည်ရွယ်ချက်ခြင်းတူတဲ့သူတွေ စုမိပြီးတော့တိုက်မှ အောင်မြင်မှာ။ ဒီလိုစုပေါင်းမှ အင်အားပိုကြီးလာမှာ။ ဒါမှပဲ ဒီမကောင်းတဲ့စနစ်ဆိုးကြီးကို တိုက်ဖြတ်နိုင်မှာ"ဟု ကိုနွေဦးက ဆိုသည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) သည် မြောင်မြို့နယ်အတွင်းရှိ အခြေစိုက်သော အဖွဲ့အစည်းပေါင်း (၂၄) ဖွဲ့တွင် အဖွဲ့ပေါင်း (၂၂) ဖွဲ့သည် လက်ရှိအချိန်တွင် CDSOM ၏ ညှိနှိုင်းမှုတွင် သွားနေသည်ဟု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အင်တာဗျူးတစ်ခုတွင် ကိုနွေဦးက Myanmar Press Photo Agency သို့ပြောသည်။ စတင်ဖွဲ့စည်းချိန်မှ စ၍ ၂၀၂၁ ခုနှစ်အတွင်း ဒေသတွင်း အခြေစိုက် အခြားမြို့နယ် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြန်မာစစ်တပ်နှင့် တိုက်ပွဲပေါင်း (၂၀) ကျော်ဖြစ်ပွားခဲ့သည်ဟုလည်း အင်တာဗျူး၌ ဖော်ပြသည်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)သည် မြင်းမူ၊ ချောင်းဦး၊ စစ်ကိုင်း၊ ရေစကြို၊ရေလယ်ကျွန်း၊ ဆီးမီးခုံ၊ ငါန်းဇွန် စသည့် မြို့များတွင် အခြေစိုက်သည့် အင်အားစုများနှင့် မဟာမိတ်စုဖွဲ့ထားသည့်အပြင် ထိုအင်အားစုများနှင့် ပူးပေါင်းကာ ဒေသတွင်း၌ မြန်မာစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခြင်း၊ ပျောက်ကြားတိုက်ခိုက်မှုများကို လုပ်ဆောင်ထားသည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) သည် ၂၀၂၂ ခုနှစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖြစ် ဝင်ရောက်ခဲ့ပြီး မြောင်မြို့နယ်၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တာဝန်များကို တာဝန်ယူ လုပ်ဆောင်နေသည်။ မြောင်မြို့နယ်သည် စစ်ကိုင်းခရိုင်တွင်ပါဝင်သဖြင့် မြောင်အခြေစိုက် လက်နက်ကိုင်အဖွဲ့အချို့သည် စစ်ကိုင်းခရိုင်တပ်ရင်းများအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)သည် ၂၀၂၃ ခုနှစ်၊ မေလအတွင်း ကျင်းပသည့် ပထမအကြိမ် စစ်ကိုင်းဖိုရမ်တွင် တက်ရောက်ခဲ့ပြီး ကိုနွေဦးသည် စစ်ကိုင်းဖိုရမ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက  မြောင်မြို့နယ် ပကဖ အင်အားစုဆောင်းရေး၊ လေ့ကျင့်ရေးနဲ့ စစ်ရေးတာဝန်ခံတဦးအဖြစ် ဆောင်ရွက်နေသော ကိုနွေဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ပကဖ တာဝန်မှရပ်ဆဲခဲ့သည်။ စစ်ကိုင်းဖိုရမ်တွင် တက်ရောက်သည်မှာ CDSOM သာမက အခြား ပကဖနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့လည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ကိုနွေဦးက မြေလတ်အသံသတင်းဌာနသို့ ပြောသည်။  ထို့နောက် CDSOM အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပကဖနှင့် PDF တပ်ဖွဲ့များသည် ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်တွင် ဆက်လက်တက်ရောက်သည်ကို မတွေ့ရတော့ပေ။ ကိုနွေဦးသည်လည်း CDSOM တာဝန်ခံအဖြစ်သာ ဆက်လက်လုပ်ကိုင်နေပြီး စစ်ကိုင်းဖိုရမ်နှင့် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းတွင် ဆက်လက်ပါဝင်သည်ကိုလည်း မတွေ့ရှိရပေ။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) နှင့် မြင်းခြံအခြေစိုက် နှလုံးလှလူမိုက်ကြီးများအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ(၃)ရက်က ချင်းတွင်းမြစ်ကြောင်း အသုံးပြု၍ မန္တလေးမှ မုံရွာသို စက်သုံးဆီများ သယ်ယူပို့ဆောင်နေသော မြန်မာစစ်တပ်ပိုင် ရွှေဂျိုးဖြူ ဆီသင်္ဘောနှင့် BOC သင်္ဘောနှစ်စီးကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ သိမ်းပိုက်ထားသော သင်္ဘောနှစ်စီးပေါ်မှ စက်သုံးဆီများကို ဒေသတွင်းရှိ ကျေးရွာများသို့ တစ်ရွာလျှင် နှစ်ပေပါနှုန်းဖြင့် ခွဲဝေဖြန့်ဖြူးပေးခဲ့သည်။ ထို့အပြင် CDSOM အနေဖြင့် အခြေစိုက်အင်အားစုများနှင့်ပူးပေါင်းကာ မြောင်မြို့နယ် အဝင်အထွက်နေရာ (၅) ခုတွင် ဂိတ်များဖွင့်လှစ်ခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကြေညာခဲ့ပြီး မြောင်မြို့နယ်အား ထိန်းချုပ်ရန်ကြိုးစားခဲ့သည်။

ထို့နောက် မြန်မာစစ်တပ်က အင်အား(၅၀)ခန့်ဖြင့် မြို့နယ်ရဲစခန်းအား အင်အားဖြည့်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်ကာ အင်အား(၁၅၀)ဖြင့် မြောင်မြို့အား လေးဘက်လေးတန် ပြန်လည်ပိတ်ဆို့ခဲ့ပြီးနောက် ဒီဇင်ဘာလလယ်တွင် မြို့အား ပြန်လည်ထိန်းချုပ်ခဲ့သည်။ သို့သော် မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားရာနေရာများကိုမူ ယနေ့အချိန်ထိ ပြန်လည်ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးပေ။ မြန်မာစစ်တပ်အနေဖြင့် မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကို ကျူးလွန်ခြင်းများကို ဆက်တိုက်ကျုးလွန်နေခဲ့ပြီး မြောင်မြို့နယ်သည် မြန်မာစစ်တပ်၏ စီးနင်းမီးရှို့မှုကို အများဆုံးခံစားနေရသော မြို့နယ်တစ်မြို့နယ်လည်းဖြစ်သည်။

ထို့အပြင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)အပါအဝင် မြောင်မြို့နယ် အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များသည် မြန်မာစစ်တပ်၏ ကွန်မန်ဒိုစစ်ကြောင်းဖြစ်သော ဘီလူးစစ်ကြောင်း၏ ထိုးစစ်ကိုလည်း ခံခဲ့ရသည်။ ဘီလူးစစ်ကြောင်းသည် ဖမ်းဆီးရမိသော တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် သံသယတရားခံများကို ရက်စက်စွာ ခေါင်းဖြတ်သတ်ခြင်း၊ ကျေးရွာများကို စီးနင်းကာ ရွာသားများအား ရက်စက်သော နည်းလမ်းများဖြင့် သတ်ဖြတ်ခြင်း ၊ ဒေသခံများကို မုဒိမ်းကျင့်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဓားစာခံများ လူသားဒိုင်းအဖြစ် အသုံးချခံရသူများကို သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့သည်။ ဘီလူးစစ်ကြောင်းသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် မြောင်နယ်သို့ ရောက်ရှိလာပြီးနောက် မတ်လ ၅ ရက်နေ့တွင် အင်အား(၁၅၀)ဖြင့် စစ်ကြောင်းထိုးကာ CDSOM စခန်းတစ်ခုအား သိမ်းပိုက်ခဲ့သည်။

ထို့နောက်ရေလယ်ကျွန်းသို့ ဆက်လက်ချီတက်ကာ ရေလည်ကျွန်းနှင့် မြင်းခြံမြို့အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့စခန်းများကို သိမ်းယူခဲ့သည်။ ထို့နောက် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) နှင့် တော်လှန်ရေး အင်အားစုများသည် ဘီလူးစစ်ကြောင်းအား ခုခံခဲ့ရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ မတ်လ ၂၂ ရက်နေ့ညတွင် ပူးပေါင်းတပ်ဖွဲ့နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားရာ ဘီလူးကွန်မန်ဒိုစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် (၁၉) ဦးသေဆုံးခဲ့ပြီး ဘီလူးစစ်ကြောင်းသည် မြောင်မြို့နယ်မှ ဆုတ်ခွာခဲ့သည်။ အဆိုပါစစ်ဆင်ရေးကို CDSOMမှဦးဆောင်ပြီး မြင်းမူ CRF၊  စစ်ကိုင်းခရိုင် တပ်ရင်း(၁)တပ်ခွဲ၃၊ တပ်ရင်း(၂)တပ်ခွဲ(၃)၊ တပ်ရင်း(၆)တပ်ခွဲ(၂)၊ MGN 35၊ 11 Brother force၊ Young Man နှင့် LCAR ၊ မြင်းခြံခရိုင်တပ်ရင်း(၂) အပါအဝင် မဟာမိတ်များကပူးပေါင်းပါဝင်ခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဘီလူးစစ်ကြောင်းသည် အင်အား (၉၀) ခန့်ဖြင့် မြောင်မြို့နယ်သို့ ပြန်လည်ဝင်ရောက်ခဲ့ရာ မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာအနီးရှိ ကာကွယ်ရေးတပ်ဖွဲ့ စခန်းအား တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၁) ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းအပါအဝင် ရဲဘော်အချို့ သတ်ဖြတ်ခံခဲ့ရသည်။ ကိုဆင်ရိုင်းကိုမူ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး ကိုဆင်ရိုင်း၏ ဦးခေါင်းအား ယူဆောင်သွားကာ အခြားတနေရာတွင် စွန့်ပစ်ခဲ့သည်။ ကိုဆင်ရိုင်းသည် စစ်ကိုင်းခရိုင်တပ်ရင်း (၁) တွင်တာ​ဝန်ယူနေသည့် အပြင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တွင်လည်း သင်တန်းရေးရာ တာဝန်ခံတစ်ဦးဖြစ်သည်။

ဗိုလ်ဆင်ရိုင်းကျဆုံးပြီးနောက် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)သည် ဆင်ရိုင်းစစ်ကြောင်းကို ၂၀၂၃ ခုနှစ်၊ ဂျွန်လတွင် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး အခြားမြောင်အခြေစိုက် တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဘီလူးစစ်ကြောင်း ယာယီအခြေစိုက်ထားသော မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။ ဆင်ရိုင်းစစ်ကြောင်းသည် ဒရုန်းနည်းပညာကို အသုံးပြုကာ ပျောက်ကြားတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွန်မှုများနှင့်အတူ ဆက်လက်လုပ်ဆောင်နေပြီး မြောင်မြို့နယ် အပါအဝင် စစ်ကိုင်းဒေသ၊ မကွေးဒေသ၊ မန္တလေးဒေသများတွင် လှုပ်ရှားလျက်ရှိကာ အထူးသဖြင့် ဧရာဝတီမြစ် တဝိုက်ရှိ အင်အားစုများနှင့် ပူးပေါင်းကာ တိုက်ပွဲများဖော်ဆောင်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကောလင်းမြို့အား သိမ်းပိုက်တိုက်ခိုက်ရာတွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)လည်း ပါဝင်ခဲ့ကြောင်းကို ထုတ်ပြန်ချက်များအရ သိရှိရသည်။