အဖွဲ့အစည်းများ

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

CHU PDFလက်နက်ကိုင်တော်လှန်ရေး

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chaung U People’s Defense Force - CHU PDF)ကို ချောင်းဦး​မြို့နယ်အတွင်းရှိ နိုင်ငံ​ရေးအင်အားစုများ အကြမ်းဖက်စစ်​ကောင်စီကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်​တော်လှန်​နေကြ​သော တော်လှန်​ရေးအင်အားစုများက စုစည်းကာ​၂၀၂၁ ခုနှစ် ဇွန်လ (၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chaung U People’s Defense Force - CHU PDF)ကို ချောင်းဦး​မြို့နယ်အတွင်းရှိ နိုင်ငံ​ရေးအင်အားစုများ အကြမ်းဖက်စစ်​ကောင်စီကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်​တော်လှန်​နေကြ​သော တော်လှန်​ရေးအင်အားစုများက စုစည်းကာ​၂၀၂၁ ခုနှစ် ဇွန်လ (၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ဆန္ဒပြပြည်သူများကို ဖြိုခွင်းခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့သော မြို့ပြပျောက်ကျား ခုခံမှုများတွင်လည်း ချောင်းဦးမြို့နယ်ရှိ လူငယ်များပါဝင်လာခဲ့သည်။ ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့ မနက်ပိုင်းတွင် ချောင်းဦး Generation Z လူငယ်များရှိရာ နေရာအား မြန်မာစစ်တပ်မှ ဝင်ရောက်စီးနင်းသဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ကျန်ရှိနေခဲ့သည့် လက်လုပ်သေနတ်များကို မြန်မာစစ်တပ်က ဖျက်ဆီးခဲ့သည်။ မြန်မာစစ်တပ်ဘက်မှလည်း ကျဆုံးမှုအချို့ရှိခဲ့သည်ဟု ချောင်းဦးသပိတ်ခေါင်းဆောင်တစ်ဦးက DVBသတင်းဌာနသို့ ဖြေကြားခဲ့သည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) အားဖွဲ့စည်းရသည့် ရည်ရွယ်ချက်များမှာ

(၁) စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်ခြေမှုန်း၍ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတရပ် ပေါ်ထွန်းလာစေရန်

(၂) ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ဖြတ်တောက်နှိမ်နှင်းရန်

(၃) ချောင်ဦးမြို့နယ် အတွင်းရှိ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ သောင်းကျန်းသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်

(၄) အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနာ၏ အမိန့်ကိုနာခံ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းကာ ထိရောက်သော တိုက်ပွဲများဖော်ဆောင်နိုင်ရန်တို့ဖြစ်သည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF)သည် စုဖွဲ့ပြီးနောက်ပိုင်းတွင် ပျောက်ကျားစစ်အဖြစ် မြန်မာစစ်တပ်နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ချေမှုန်းခဲ့သည်။ ထို့အပြင် မုံရွာ၊ မြောင်၊ ရွေဘို၊အရာတော်၊မြင်းမူ၊ပုလဲ၊ဒီပဲယင်း၊ စစ်ကိုင်း၊ရေစကြို၊ ပခုက္ကူ၊မြင်းခြံမြို့တို့ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့စည်းကာ ထိုနယ်များတွင်လည်း ပူပေါင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် စစ်ကိုင်းနှင့် မကွေးဒေသအတွင်းရှိ မြန်မာစစ်တပ်လက်အောက်ခံ တပ်ဖွဲ့များကို ချေမှုန်းနိုင်ရန်အတွက် 27 Revolution Forces (Myin Gyan PDF)၊ Pakokku People Defense Force _PPDF၊  နှလုံးလှလူမိုက်ကြီးများအဖွဲ့၊  People Defense Force Yesagyo၊  အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု၊  Mawlaik People's Defence Force – MLPDF ၊  Shwe Bo PDF (GR)၊ People Defense Fore (DPY ) ၊ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(MMU PDF)၊  မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(MYG PDF )၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(SGG)၊  ပုလဲပြည်သူ့ကာ ကွယ်ရေးအဖွဲ့(PALE People Defense Force)၊  မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တို့နှင့်အတူ မဟာမိတ်ဖွဲ့စည်းခဲ့သည်။

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-MPDF (ယခု BLDF)နှင့်လည်း နီးစပ်သော ဆက်ဆံရေးရှိကာ မုံရွာမြို့တွင်လည်း မြို့ပြပျောက်ကျားစစ်ဆင်ရေးများကို ဆင်နွဲခဲ့သည်။ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF)သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် ချောင်းဦးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများ နှုတ်ထွက်ရန် သတိပေးစာ ထုတ်ပြန်ခဲ့ရာ (၂၅) ရက်နေ့နှင့် (၂၆)ရက်နေ့ များတွင်  ချောင်းဦးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှုး (၃၇)ဦး နှုတ်ထွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှုးအားလုံးနီးပါးနှုတ်ထွက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် စစ်တက်ဘာလ (၁၆) ရက်နေ့တွင် ချောင်းဦးမြို့အနီး (၂)မိုင်ခန့်အကွာ မယ်သဲကြိုးရွာအနီးတွင် စစ်ကြောင်းထိုးလာသော တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်မှ ရဟတ်ယာဉ်နှင့် စနိုက်ဘာအချို့ပါ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) မှ တပ်ဖွဲ့ဝင် (၅)ဦး ကျဆုံးခဲ့ကာ တစ်ဦးဖမ်းခံခဲ့ရသည်။ ဖမ်းဆီးရမိသော တပ်ဖွဲ့ဝင်လူငယ်အား သိမ်းဆီးရမိသော တူမီးများစုကိုင်ခိုင်းထားသည့်အပြင် ကျဆုံးရဲဘော်များ၏ နံဘေးတွင် ထိုင်ခိုင်ကား “ချောင်းဦး PDFပါဗျ”ဟု အကြိမ်ကြိမ်အခါခါ ရွတ်ဆိုခိုင်းသည့် ဗီဒီယိုဖြင့် မြန်မာစစ်တပ် တယ်လီဂရမ် ချန်နယ်များက ဝါဒဖြန့်ခဲ့ကြသည်။ ကျဆုံးခဲ့သော CHU PDFတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ခုတ်ထစ်ထားခဲ့သည်ဟု Myanmar Now တွင် ဖော်ပြခဲ့သည်။ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) အနေဖြင့် ရဲဘော်များဆုံးရှုံးမှုအတွက် ကျူးလွန်သူများအားလုံးကို ထိုက်တန်သော ပြစ်ဒဏ်များ ကျခံနိုင်အောင် ကြိုးစားသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) တပ်ဖွဲ့ဝင်များ အနေဖြင့် ယနေ့အချိန်ထိ မနက်ခင်း စုဖွဲ့ချိန်တိုင်းတွင် “ချောင်းဦး PDFပါဗျ” ဆိုသည့် ကြွေးကြော်သံကို ရွတ်ဆိုနေဆဲဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီး၊ စခန်းသိမ်းတိုက်ပွဲများအပြီးအတွင်လည်း ထို “ချောင်းဦး PDFပါဗျ”ဟူသည့် ကြွေးကြော်သံကို ကြွေးကြော်ရွတ်ဆိုကာ အောင်ပွဲခံလေ့ရှိသည်။

၂၀၂၂ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ သပိတ်ခေါင်းဆောင်များသည် မန္တလေး-မုံရွာလမ်းပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပြည့်အဝ ထိမ်းချုပ်ထားသော နယ်မြေမဟုတ်သဖြင့် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) အပါအဝင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးယူပေးခဲ့ကြသည်။ ဆန္ဒပြမှုအောင်မြင်ကာ သပိတ်စစ်ကြောင်းအား လူစုခွဲနိုင်ခဲ့သော်လည်း လုံခြုံရေးယူပေးထားသော ကင်းနေရာတစ်ခုအား ပျူစောထီးများက ဝင်ရောက်တိုက်ခိုက်သဖြင့် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) တပ်ဖွဲ့ဝင်(၅)ဦး ကျဆုံးခဲ့သည်။ ထိုကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) နှင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ထားသည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF)သည် ၂၀၂၂ ခုနှစ် ဇွန်လမှ စတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)အဖြစ် ရပ်တည်ခဲ့သည်။ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) သည် စနစ်တကျ စုဖွဲ့မှုရှိသည့်အပြင် မုံရွာခရိုင်အတွင်းရှိ အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ နည်းတူ တိုက်ပွဲများ ဖော်ဆောင်နိုင်သည့် အခြေအနေတွင်ရှိသည်။ ချောင်းဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)အဖြစ် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) က အခြေစိုက်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) လက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းအချို့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့အချို့လည်း အခြေစိုက်ထားသည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ခေါင်းဆောင်မှုဆိုင်ရာသင်တန်း ဖွင့်လှစ်ပြီး တပ်ဖွဲ့ဝင် ခေါင်းဆောင်များကို (၂)လတာ လေ့ကျင်သင်တန်း ပေးအပ်ထားသည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) သည် လူထုထံမှ အခွန်ကောက်ခံခြင်း၊ ဆက်ကြေးကောက်ခံခြင်း လုံးဝပြုလုပ်မည်မဟုတ်ဟု ကြေညာထားပြီး လက်ရှိအချိန်ထိ ချောင်းဦးမြို့နယ်နှင့် အဝေးပြေးလမ်းမများတွင် ငွေကောက်ခံဂိတ်များ လုံးဝဖွင့်လှစ်မထားခဲ့ပေ။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) အနေဖြင့် ပြည်သူလူထုမှ လာရောက်လှူဒါန်းသာ အလှုငွေများကိုသာ လက်ခံရပ်တည်နေသည့်အပြင် ပြည်သူလုထု ကြည်ဖြူခွင့်ပြုသော နယ်မြေများတွင် တပ်ဖွဲ့ဝင်များက ရာသီပေါ်သီးနှံများ စိုက်ပျိုးကာ လူထုနှင့် ခွဲဝေယူခြင်း၊ ထောက်ပို့ထီရောင်းကာ ထီအဖွဲ့မှပြန်လည်ခွဲဝေပေးသော ရန်ပုံငွေများဖြင့်သာ ရပ်တည်နေသည်ဟု ဦးဆောင်သူ ကိုဇာနည်သိန်းမှ DVB လူငယ့်အသံအစီအစဉ်တွင် ဖြေကြားထားသည်။ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) အနေဖြင့် “ပြည်သူမထိခိုက်ရဘူး” “ရဲဘော်မထိခိုက်ရဘူး”ဆိုသည့် မူဖြင့်သာ ဦးစားပေးရပ်တည်နေပြီး ဒေသခံလူထုနှင့် အဆင်ပြေ ညီညွတ်စွာ ရပ်တည်နေကြောင်းလည်း အင်တာဗျူးတွင် ဖော်ပြထားသည်။