အဖွဲ့အစည်းများ

ညီမျှခြင်းမြန်မာ

EQMMအရပ်ဘက်လူထုအဖွဲ့အစည်း

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဖြစ်သူ ဦးအောင်မျိုးမင်းက လူ့အခွင့်အရေး ပညာပေးခြင်း၊ စည်းရုံးလှုံ့ ဆော်ခြင်းနှင့် သုတေသန အစီအစဉ်များအတွက် မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ပညာရေးအင်စတီကျူ (Human Right Education Institute of Burma) အား ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ၇က်တွင် တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့သည် ညီမျှခြင်းမြန်မာ (Equality Myanmar – EQMM) ၏ မူလအဖွဲ့အစည်း ဖြစ်သည်။

HREIB အား လူ့အခွင့်အရေး ပညာပေးသူများ မွေးထုတ်ကာ စဉ်ဆက်မပြတ် ဖလှယ်၍ စွမ်းရည်မြှင့်တင်ရန်၊ ပညာပေးမှုအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက်စွာ လုပ်ဆောင်ရန်၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့များအနေဖြင့် လူ့အခွင့်အရေး တာဝန်ယူ/တာဝန်ခံမှု အားကောင်းစေရေးအတွက် တောင်းဆိုလှုပ်ရှားမှုများအား ပံ့ပိုးကူညီရန်၊ လူ့အခွင့်အရေးပညာပေးခြင်းအား ကျောင်းသင်ရိုးညွှန်းတမ်းနှင့် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထိရောက်စွာ လုပ်ဆောင်နိုင်ရန် လှုံ့ဆော်ရန် စသည့် ရည်ရွယ်ချက် လေးရပ်ဖြင့် ထူထောင် ထားခြင်း ဖြစ်သည်။

ယင်းအတွက် အဖွဲ့အား လုပ်ငန်းအစီအစဉ် (Program) - ၊ ဘဏ္ဍာရေး (Finance) ၊ ဖွံ့ဖြိုးရေး (Development)၊ လက်တွေ့အကောင်အထည်ဖော်ရေး (Operation) ၊ စီမံကိန်းနှင့် ပညာပေးရေး (Project and Advocacy) ဟူ၍ လုပ်ငန်းဌာန ငါးခုဖြင့် လည်ပတ်ကာ မြန်မာနိုင်ငံရှိ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများလည်း ပါဝင်သည်။

လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကဏ္ဍအတွက် သင်ယူသူ ဗဟိုပြု သင်ကြားနည်းပုံစံဖြင့် သင်ရိုးညွှန်တန်း ကိုယ်တိုင်ရေးဆွဲကာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများအား သင်တန်းနည်းပြ ခန့်အပ်ခြင်းပုံစံဖြင့် သင် ကြားရေးစက်ဝန်းအား ချဲ့ထွင်ခဲ့သည်။ တစ်ဖက်တွင်လည်း ပညာပေးအစီအစဉ်အနေဖြင့် လူ့အခွင့်အရေးပညာပေး မှတ်တမ်းရုပ်ရှင်ခွေအဖြစ် ဖြန့်ဖြူးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်း၊ စာစောင်ထုတ်ဝေခြင်း စသည့် နည်းလမ်းပေါင်းစုံသုံးကာ လူ့အခွင့်အရေး ပညာပေးမှုကိစ္စများအား ဆောင်ရွက်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာသည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် အတိုက်အခံ အင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ၂,၀၀၀ ကျော်အား ၂၀၁၂ ခုနှစ် သြဂုတ်တွင် အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ သမ္မတရုံးဝန်ကြီးဖြစ်သူ ဦးအောင်မင်းကလည်း ထိုင်းနိုင်ငံအခြေ စိုက် အတိုက်အခံအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံကာ မြန်မာပြည်၌ ပြန်လည်အခြေချနေထိုင်ရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက်ပိုင်း ၁၉၈၈ ပြည်သူ့အရေးတော်ပုံကာလကတည်းက နည်းပေါင်းစုံဖြင့် ထွက်ခွာသွားကြသူများ၊ အခြားနိုင်ငံများ၌ နိုင်ငံသားအဖြစ် ခံယူထားသူများ မြန်မာပြည်သို့ ပြန်လာစဉ် ဦးအောင်မျိုးမင်းမှာလည်း မြန်မာပြည်သို့ ပြန်ဝင်ရောက်ခွင့် ရခဲ့သည်။

ထိုသို့ ပြန်ရောက်လာပြီးနောက် HREIB အား EQMM အဖြစ် အမည်ပြောင်းလဲခဲ့သည်။ EQMM အနေဖြင့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ပန်းတိုင်နှင့် ရည်ရွယ်ချက်များအား လူ့အခွင့်အရေး အခြေခံစံနှုန်းများအပေါ် မူတည်သည့် လူ့ပတ်ဝန်းကျင် ဖြစ်ပေါ်ရေး ချမှတ်ထားသည့်အပြင် ဦးတည်အုပ်စုနှင့် သင်ကြားရေး နည်းနာများကိုပါ ကဏ္ဍခွဲ ချမှတ် လုပ်ကိုင်ခဲ့သည်။

ထိုသို့ ပြုလုပ်နေစဉ်အတွင်း ၂၀၁၄ ခုနှစ်၌ ပြည်ပရောက် နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှား သူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့် အခြေချနေထိုင်ရေးဆိုင်ရာ အစိုးရမူဝါဒအပေါ် သဘောထား ကြေညာချက်တစ်ရပ်အား နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP-B) ၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တို့နှင့် ပူးပေါင်းကာ ထုတ်ပြန်ခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရက ပြန်လာရန် ကမ်းလှမ်းသော်လည်း ပြန်လာလိုသူများအပေါ် တစ်ဦးချင်းစီ အလိုက် အစိုးရနှင့် တုံ့ပြန်မှုနှင့် ကိုင်တွယ်မှု ကွဲပြားခြင်း၊ အကြောင်းပြချက် မခိုင်လုံဘဲ ပြည်ဝင်ခွင့် ကန့်သတ်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း၊ နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားရာ၌ အချိန်ဆွဲထားခြင်းနှင့် နိုင်ငံသားဖြစ်ပြီးနောက်ပိုင်း နိုင်ငံရေး၌ ပါဝင်ရန် ကန့်သတ်ခြင်းများ ရှိနေကြောင်း ဖော်ပြခဲ့သည်။

EQMM အနေဖြင့် လူ့အခွင့်အရေးနှင့် ပတ်သက်၍ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (CSO Working Group on Myanmar National Human Rights Commission Reform) အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ ထို့ပြင် အသိအမြင်နိုင်ကြား ရေး လှုပ်ရှားမှု အစိတ်အပိုင်းအဖြစ် လိင်စိတ်ခံယူမှု ကွဲပြားသူများ - LGBTQ အသိုင်းအဝန်းအပေါ် လူအများ၏ အပြုသဘောဆောင်သော အမြင်ပြောင်းလဲရေးအတွက်လည်း လုပ်ဆောင်ခဲ့သည်။ လိင်တူနှစ်သက်ခြင်းကို သဘာဝဖြင့် ဆန့်ကျင်သည်ဟု သတ်မှတ်ထားသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ – ၃၇၇ အား ဥပဒေကြောင်းအရ ပြင်ဆင်နိုင်ရေး စည်းရုံးလှုံ့ဆော်ခဲ့သည်။ ထို့ပြင် နိုင်ငံတွင်း ပြဋ္ဌာန်းထားသည့် ဥပဒေများအား ကိုယ်လက်အင်္ဂါ ချို့တဲ့သူများအား "မသန်မစွမ်း" ဟု သုံးနှုန်းထားသည့်အစား "မသန်စွမ်း" ဟု ပြောင်းလဲပေးရတေး လှုပ်ရှားမှုများ၌လည်း ပါဝင်ခဲ့သည်။

EQMM သည် အကြမ်းဖက်စစ်အုပ်စု အာဏာမသိမ်းခင်အထိ နိုင်ငံအနှံ့ လူ့အခွင့်အရေးဆိုင်ရာ ဟော ပြောပွဲနှင့် သင်တန်းများစွာ ပြုလုပ်ခဲ့ကာ လွှတ်တော်၏ ဥပဒေပြုရေးကိစ္စများ၌လည်း CSO အခြေပြု ပါဝင်ပေး ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် EQMM ၏ အွန်လိုင်းရုပ် သံပလက်ဖောင်း ဖြစ်သည့် "လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန် (၃) ရပ်" အား ထုတ်လွှင့်ခဲ့သည်။ ယင်း နောက်ပိုင်းဖြစ်ပွားသည့် လူထုဆန္ဒပြပွဲများ၌လည်း အဖွဲ့အနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်လည်း ကောင်း ပါဝင်မှုရှိခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆက်တိုက် ထုတ်လွှင့်ခဲ့သည်။

၂၀၂၃ ခုနှစ် သြဂုတ်လတွင် "ရန်ငြိုးဖွဲ့ ချေမှုန်းခံနေရတဲ့ အရပ်သားပြည်သူများ" အမည်ဖြင့် အစီရင် ခံစာတစ်စောင် ထုတ်ပြန်ခဲ့ကာ အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများက သတ်ဖြတ်မှုအပြင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ - PDF များ ကျူးလွန်သည့် သတ်ဖြတ်မှုများကိုပါ ထည့်သွင်းဖော်ပြခဲ့သည်။

ယင်းနှစ် စက်တင်ဘာလတွင်ပင် "ညှင်းပန်းနှိပ်စက်ခွင့် လိုင်စင်" အမည်ဖြင့် အစီရင်ခံစာတစ်စောင်အား ထပ်မံထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာ၌ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း လက်အောက်ခံအဖွဲ့အစည်းများက အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှု ကျူးလွန်နေခြင်းများအား မြေပြင် အချက်အလက်များ ကောက်ယူ၍ အစီရင်ခံစာအဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။