ဆိုရှယ်ဒီမိုကရက်တစ်ပါတီ
ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (Social Democratic Party – SDP) အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် လွတ်မြောက်နယ်မြေ၌ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်အား ကျင်းပပြီးနောက် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းနှင့် ဗဟိုကော်မတီဝင်များအား ရွေးကောက်တင်မြှောက်ပြီးနောက် စတင်ဖွဲ့စည်း ထူ ထောင်ခဲ့သည်။
ပါတီဝင်အများစုမှာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး၌ ပါဝင်ခဲ့ကြသည့် လူငယ်များ၊ တိုးတက်သော ကျောင်းသားသမဂ္ဂ လူငယ်များ၊ အလုပ်သမား၊ လယ်သမားများ ပါဝင်ကာ လက်ရှိ ပါတီဗဟိုကော်မတီဝင်နှင့် အထွေထွေအတွင်းရေးမှူးမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့သူ ရဲဘော်ကျော်ကိုကို ဖြစ်သည်။ ၎င်းသည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ၌လည်း ပါဝင်သည်။
ပါတီ၏ ပထမဆုံးအကြိမ် ကွန်ကရက်၌ပင် ပါတီလမ်းစဉ်အဖြစ် (၁) စစ်သုံးစစ် တိုက်ဖျက်ရေးလမ်းစဉ် (၂) ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် (၃) ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုတပ်ဦး တည်ဆောက်ရေး ဟူ၍ ချမှတ်ဆုံးဖြတ်နိုင်ခဲ့သည်။
ပါတီအနေဖြင့် တော်လှန်ရေးလမ်းစဉ်အဖြစ် ရန်သူလေးရပ် သတ်မှတ်ထားကာ ၎င်းတို့မှာ စစ်အာဏာ ရှင်စနစ် (စစ်ဝါဒ)၊ ဗျူရိုကရက် အရင်းရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် မဟာဖိုကြီးစိုးရေးဝါဒ တို့ ဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးနှင့် ပတ်သက်သည့် ပါတီသဘောထားမှာ ပြည်သူလူထုကိုပါ လက်နက်တပ်ဆင်နိုင်ရေးအထိ ရည်ရွယ်ထားကာ ပါတီ ငြိမ်းချမ်းရေးဌာနမှ ဦးဆောင်၍လည်း ပါတီလက်ရုံးတပ်ဖွဲ့စည်း တည်ဆောက်ရေးကို လုပ်ဆောင်နေပြီ ဖြစ်သည်။ ပါတီဘုံလုပ်ငန်းစဉ်အဖြစ်လည်း စည်းရုံးရေး၊ ဝါဒဖြန့်ချိရေး နှင့် ဘဏ္ဍာငွေရှာဖွေရး လုပ်ငန်းစဉ်များကို ချမှတ်ထားသည်။
ဝါဒဖြန့်ချိရေးအဖြစ် "ဆိုရှယ်ဒီမိုကရက်စာစဉ်" ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၌ စတင်ထုတ်ဝေခဲ့ကာ ရန်သူ၏ ဝါဒဖြန့်သတင်းများအောက် မပါသွားရေး၊ မြေပြင်ရှိ ပကတိ နိုင်ငံရေး/စစ်ရေးအခြေအနေများ လူထုကိုယ်တိုင် ဝေဖန်သုံးသပ်နိုင်ရန်အတွက် ဦးတည်သည်။
ပါတီတည်ထောင်ပြီး တစ်နှစ်ခွဲကျော်အကြာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ပါတီကြေညာစာတမ်းအား ပါတီ ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှတစ်ဆင့် တရားဝင်ထုတ်ပြန်ခဲ့ကာ သတင်းမီဒီယာများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ယင်းကြေညာစာတမ်း၌ ပါတီ၏ အခြေခံလက္ခဏာ ငါးရပ်၊ အခြေခံမူ ကိုးချက်ကို ဖော်ပြထားကာ ပါတီလုပ်ဆောင်နေသည့် နိုင်ငံရေး၊ စစ်ရေးတည်ဆောက်မှုကိစ္စများကို ဖော်ပြထားသည်။ SDP သည် လက်ရှိတွင် ကိုယ်ပိုင်တပ် တည်ဆောက်ရေးအား လုပ်ဆောင်ဆဲဖြစ်ကာ နိုင်ငံရေးနှင့် မူဝါဒရေးရာပိုင်း အတွက် ဗဟိုနိုင်ငံရေးသင်တန်းအား အပတ်စဉ် (၂) အထိ ပါတီဝင်များအား ပေးထားပြီး ဖြစ်သည်။
SDP သည် စစ်အုပ်စုက ပြုလုပ်လာနိုင်သည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကာ အခြားသော မိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲ၍လည်း ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုများ၌ ပါဝင်လျက် ရှိသည်။
ဆိုရှယ်ဒီမိုကရက်တစ်ပါတီအား နိုင်ငံတကာရှိ ဆိုရှယ်ဒီမိုကရက်တစ် အင်အားစုများအား အကူအညီပေးနေသည့် The Network for Social Democracy in Asia (SocDem Asia) ၌ အဖွဲ့ဝင်နိုင်ရေးအတွက်လည်း လုပ်ဆောင်လျက် ရှိသည်။