နိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းတိုင်အပါအဝင် မြန်မာနိုင်ငံ အခြားဒေသများမှ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလှုံနေကြရသည့် မြန်မာစစ်ရှောင်များအား လူသားချင်း စာနာထောက်ထားကာ ခေတ္တခိုလှုံခွင့်များ စီစဉ်ပေးရန်နှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၉၇) ဦးကိုလည်း အမြန်ဆုံး လွှတ်ပေးရန် စစ်ကိုင်းဖက်ဒရယ်ကောင်စီ (ရှေ့ပြေး) က ဇွန် ၂၀ရက်တွင် အိန္ဒိယနိုင်ငံအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ မေတ္တာရပ်ခံ ပန်ကြားထားသည်။
မြန်မာ၊ အင်္ဂလိပ်၊ ဟိန္ဒူ ဘာသာသုံးခုဖြင့် ရေးသားဖော်ပြထားသည့် အိတ်ဖွင့်ပေးစာ၌ မဏိပူရ်ပြည်နယ်အတွင်း ဖမ်းဆီးထားသူများအား အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုထံ လွှဲပြောင်းပေးခြင်း မပြုရန်၊ ပြစ်မှုများ ရှိပါကလည်း လူသားဂုဏ်သိက္ခာနှင့်အညီ ရှေ့နေငှားခွင့်၊ ခုခံချေပခွင့်များအား မဏိပူရ်ပြည်နယ်အစိုးရမှတဆင့် စီစဉ်ပေးရန်လည်း အထူးမေတ္တာရပ်ခံကြောင်း၊ စစ်ရှောင်များမှာ မြန်မာပြည် ပြည်လည်တည်ငြိမ်ပါက မိမိတို့ဌာနေသို့ ပြန်လည်နေထိုင်ကြမည့်သူများဖြစ်သည့်အတွက် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးအရေးယူခြင်းများမပြုလုပ်ရန်လည်း ဖော်ပြထားသည်။