မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှ ခိုင်မာ ပြတ်သားစွာ အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံအတွင်း၊ ဒေသအတွင်းနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့အစည်း ၄၄၀ ကျော်က အောက်တိုဘာ ၁၇ ရက်တွင် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့သည်။
အိတ်ဖွင့်ပေးစာအား ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) အဖွဲ့ဝင်နိုင်ငံများနှင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်တို့ထံ လိပ်မူထားကာ နိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်မှုများအား စုစည်းထားကာ မြန်မာ့အရေးဆိုင်ရာ UNSC ဆုံးဖြတ်ချက် ၂၆၉၉ အပေါ် စိတ်ပျက်မိကြောင်းလည်း ဖော်ပြထားသည်။
ပေးစာ၌ ကုလညီလာခံ နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများအတွက် ၎င်းတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည့်အချိန် ကျရောက်နေပြီး ဖြစ်ကြေင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး လိုလားသော မြန်မာပြည်သူများ၏ စိတ်ဆန္ဒကို မမှိတ်မသုန် ထောက်ခံအားပေးရမည်ဟုလည်း ဖော်ပြထားသည်။
မှတ်ချက်။ ။ အိတ်ဖွင့်ပေးစာတွင် Spring Sprouts အနေဖြင့် လက်မှတ်ရေးထိုးပါဝင်ခဲ့သည်။