မြန်မာနိုင်ငံအား လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaနှင့် စက်တင်ဘာ ၁၁ ရက်က ဒါကာမြို့၌ တွေ့ဆုံမှုအပြီး ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။
ပူးတွဲကြေညာချက်၌ "တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရန် နိုင်ငံတကာ ကြိုးပမ်းမှုအား ထောက်ခံသောအားဖြင့် ဂမ်ဘီယာနှင့် မြန်မာအမှုကို နိုင်ငံတကာ တရားရုံးရှေ့မှောက်တွင် ကြားဝင်စွက်ဖက်ရန် ပြင်သစ်က ၎င်း၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်" ဟု ဖော်ပြထားသည်။ ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ICJ ၌ တရားစွဲဆိုထားခြင်း ဖြစ်သည်။