အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရေး တွန်းအားပေးရန်၊ မြန်မာ့အကျပ်အတည်းအား ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရေး အတွက် အားလုံးပါဝင်သည့် ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာ့အရေးအတွက် အဓိကပါဝင်ပတ်သက်နေသူများနှင့် ဂျကာတာမြို့တွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းအစည်းအဝေးသို့ မြန်မာ့နွေဦးတော်လှန်ရေးအား ကိုယ်စားပြုသည့် အစုအဖွဲ့ပေါင်းစုံ၊ အကြမ်း ဖက်စစ်အုပ်စုဘက်မှ ကိုယ်စားလှယ်များ၊ အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များအား ကိုယ်စားပြုသည့် PPST အဖွဲ့တို့ တက်ရောက်ခဲ့သည်။ အင်ဒိုသည် လက်ရှိတွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကာ ၂၀၂၄ ခုနှစ်တွင် ဥက္ကဋ္ဌတာဝန်ယူမည့် လာအိုနိုင်ငံအစိုးရကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကာ အစုအဖွဲ့များအား သီးခြားစီ တွေ့ဆုံခဲ့ခြင်းဖြစ်ကာ နွေဦးတော်လှန်ရေးအင်အားစုထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လည်း ပါဝင်သည်။ အင်ဒိုသည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားချိန်အတွင်း အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်များအပြင် အခြားသော အင်အားစုများနှင့် ထိတွေ့ဆက်ဆံမှုပေါင်း အကြိမ် ၁၈၀ ကျော် ပြုလုပ်ထားသည်။