No items found.

Interra Resources အား အရေးယူပေးရန် စင်ကာပူကို မကွေးအင်အားစုများ အိတ်ဖွင့်ပေးစာ ပို့

အကြမ်းဖက် မြန်မာစစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၌ အသုံးပြုရန် လောင်စာဆီ ရောင်းချပေးနေသည့် Interrra Resources အား မြန်မာစစ်အုပ်စုထံ ရေနံစိမ်းထောက်ပံ့မှု ချက်ချင်းရပ်တန့်စေရန်နှင့် စင်ကာပူစတော့အိတ်ချိန်းမှ စာရင်းပယ်ဖျက်ပေးရန် အပါအဝင် တောင်းဆိုချက်လေးချက်ပါ အိတ်ဖွင့်ပေးစာအား စင်ကာပူအစိုးရနှင့် စင်ကာပူအိတ်ချိန်းအုပ်စုအား မကွေးအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း၊ လူထုတိုက်ပွဲကော်မတီနှင့် သမဂ္ဂ စုစုပေါင်း (၂၀) လက်မှတ်ရေးထိုးကာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပေးပို့လိုက်သည်။

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး မစ္စတာလော့ရင့်ဝေါင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေး/စက်မှုဝန်ကြီးနှင့် စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ဂန်ယင်ရောင်၊ စင်ကာပူစတော့အိတ်ချိန်းအုပ်စု အမှုဆောင်အရာရှိချုပ် (CEO) မစ္စတာလိုဘွန်းချိုင်တို့အား လိပ်မူ၍ အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ပေးပို့ခြင်း ဖြစ်သည်။

Interra Resources သည် ၎င်းတို့ ၆၀ ရာခိုင်နှုန် ပိုင်ဆိုင်သည့် Goldpetrol Joint Operation Company Inc. မှတဆင့် မြန်မာစစ်အုပ်စုထံ အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်းကျော် ရောင်းချခဲ့ကာ ယင်းသည် စစ်အုပ်စု၏ အရပ်သားများအပေါ် ပြစ်မှတ်ထားပြုလုပ်နေသည့် စစ်ဆင်ရေးအတွက် အဓိက ကျကြောင်း၊ Interra Resources သည် ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် စီးပွားရေးအရ ဆက်စပ်လုပ်ဆောင်မှုသည် နိုင်ငံတကာရာဇဝတ်မှုများ၌ ကြံရာပါ ပတ်သက်မှု ဖြစ်ကြောင်း၊ ၎င်းအား ပြတ်သားစွာ အရေးယူဆောင်ရွက်မှုသည် စင်ကာပူနိုင်ငံ၏ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာ ဆောင်ရွက်မှု၊ ကော်ပိုရိတ် တာဝန်ခံမှုအတွက် သာဓဏကောင်းတစ်ခု ပြသနိုင်မည်ဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာ၌ပါရှိသည်။

အိတ်ဖွင့်ပေးစာ၌ (၁) Interra Resources က မြန်မာစစ်အုပ်စုထံ ရေနံစိမ်းထောက်ပံ့မှုကို ချက်ချင်းရပ်တန့်စေရန် (၂) လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နောက်ထပ် ကြံရာပါပတ်သက်မှုမရှိစေရေး ကာကွယ်သည့် အနေဖြင့် Interra Resources အား စင်ကာပူစတော့အိတ်ချိန်းမှ စာရင်းပယ်ဖျက်ရန် (၃) Interra Resources ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်မှုများအပေါ် စနစ်တကျ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန်နှင့် ကုမ္ပဏီအား စစ်ရာဇဝတ်မှုတွင် အားပေးကူညီခဲ့ခြင်း၊ ထို့အပြင် MOGE အား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာစစ်တပ်က တရားမဝင် ထိန်းချုပ်ထားသည်ဖြစ်ရာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူ တာဝန်ခံစေရန် (၄) မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) တို့အပါအဝင် စစ်အုပ်စု ထိန်းချုပ်ဘဏ်များအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် တို့အား မကွေးအခြေစိုက်အင်အားစုများက တောင်းဆိုထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.