ထိုင်းအစိုးရက ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ အမည်ရှေ့၌ "ယခင်"ဟု ထည့်သွင်းသုံးနှုန်းထားခြင်းသည် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအား တရားဝင်မှုပေးသည့် အဓိပ္ပာယ်သက်ရောက်သည့်အတွက် ထိုင်း၊ မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃၁၂ ဖွဲ့က ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးParnpree Bahiddha-Nukara အား လိပ်မူ၍ ဧပြီ ၂၁ ရက်က အိပ်ဖွင့်ပေးစာပို့ ကန့်ကွက်ထားသည်။
ဧပြီ ၁၇ ရက်ထုတ် ထိုင်းအစိုးရ ထုတ်ပြန်ချက်၌ "ယခင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင်သမ္မတ ဦးဝင်းမြင့်တို့အား အကျဉ်းထောင်မှ ၎င်းတို့၏နေအိမ်များသို့ပြောင်းရွှေ့ပေးသည် ဆိုသည့်သတင်းများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများကို တုန့်ပြန်ရာတွင် အပြုသဘောဆောင်သည့် ခြေလှမ်းတရပ်အဖြစ်" ကြိုဆိုကြောင်း ထည့်သွင်းဖော်ပြထားသည်။
အဖွဲ့အစည်း ၃၀၀ ကျော်၏ အိပ်ဖွင့်ပေးစာ၌ "ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အကျဉ်းထောင်တွင် ရှိနေဆဲ ဖြစ်ကြောင်း"၊ နယ်မြေထိန်းချုပ်မှုများ မကြုံစဖူးလောက်အောင် အလျင်အမြန် လက်လွှတ်ဆုံးရှုံးနေရသည့် မြန်မာစစ်တပ်သည် နိုင်ငံတကာအသိုင်းအဝိုင်းအား အလျော့ပေး ဟန်ဆောင်သည့် နည်းဗျူဟာကို ယခင်ကာလများကတည်းက အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနှင့် ၎င်းတို့ကို တရားဝင်မှု ဖြစ်စေမည့် မည်သည့်ခြေလှမ်းများကိုမဆို ပြင်းပြင်းထန်ထန် ငြင်းပယ်ကြောင်း ထည့်သွင်းရေးသား တောင်းဆိုထားသည်။
ထိုင်းဒုဝန်ကြီးချုပ်သို့ ပေးပို့သည့် အိပ်ဖွင့်ပေးစာအား ထိုင်း၊ မြန်မာနှင့် နိုင်ငံတကာမှ အမည်ဖော်ပြထားသော အဖွဲ့အစည်း ၂၂၆ ဖွဲ့နှင့် အမည်မဖော်ထားသော ၈၆ ဖွဲ့က စုပေါင်းရေးသား တောင်းဆိုထားခြင်းလည်းဖြစ်သည်။