မြန်မာ့အရေးနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ – EU အဖွဲ့ဝင်နိုင်ငံများသို့ မြေပြင်၌ ဖြစ်ပေါ်နေသည့် အခြေအနေမှန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၌ ပံ့ပိုးကူညီရေး ပူးတွဲတောင်းဆိုချက် "ပရာဟာပန်ကြားလွှာ" အား ချက်သမ္မတနိုင်ငံခြားရေးဝန်ကြီး Jan Lipavsky နှင့် တွေ့ဆုံစဉ် ပေးအပ်ခဲ့သည်။
ယင်း ပရာဟာပန်ကြားချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC ၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ - EROs နှင့် နွေဦးတော်လှန်ရေး အင်အားစုများက အောက်တိုဘာ ၁၆ ရက်တွင် စုပေါင်းရေးသား ပန်ကြားထားခြင်း ဖြစ်သည်။
ပန်ကြားလွှာ၌ နိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ထားသည့် အချက်အလက်များအား ဖော်ပြထားကာ ပန်ကြားချက်၌ ပါဝင်သည့် အဖွဲ့အစည်းများသည် ဒီမိုကရေစီနှင့် ကိုယ်စားပြုအုပ်ချုပ်မှုနှင့် မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင်ကွင်းဆက်ကို အဆုံးသတ်နိုင်ရေးအတွက် မဟာမိတ်ပြုထားကာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံစ်အပေါ် အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ အားလုံး၏ ဘုံနိုင်ငံရေး ရည်မှန်းချက် ဖြစ်ကြောင်း ပါရှိသည်။
လက်ရှိကာလသည် အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင်ရမည့် အချိန်မဟုတ်ကာ အကြမ်းဖက်စစ်အုပ်စုနှင့် အဖွဲ့အစည်းတစ်ခုခုအကြား အာဏာခွဲဝေရေးအစီအစဉ်နှင့် အလားအလာမှန်သမျှကို ကန့်ကွက်ကြောင်း ဖော်ပြထားကာ EU အနေဖြင့် ကြားဝင်စေ့စပ်မှုများ မပြုလုပ်ကြရန် ပန်ကြားထားသည်။
နိုင်ငံတကာ မျက်နှာစာ၌ စစ်အုပ်စုအား မည်သည့်နည်းလမ်းမျှဖြင့် အသိအမှတ်မပြုရန်နှင့် ပန်ကြားချက်ပါ အဖွဲ့အစည်းများအနေဖြင့် မြေပြင်၌ ပြည်သူ့ဝန်ဆောင်မှုနှင့် အုပ်ချုပ်မှု ယန္တရားများ တည်ဆောက်ထားသည့် လက်တွေ့ကျသော ပြည်သူ့အင်အားစုများဖြစ်ကြောင်း အသိအမှတ်ပြုရန် ထည့်သွင်းထားသည်။