အဖွဲ့အစည်းများ

အခြေခံနှင့် အဆင့်မြင့်ပညာအထွေထွေသပိတ်ကော်မတီ

GSCBHEလူထုလှုပ်ရှားမှု

အခြေခံနှင့် အဆင့်မြင့် ပညာ အထွေထွေ သပိတ်ကော်မတီ (General Strike Committee of Basic and Higher Education – GSCBHE) ကို အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC)၊ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) နှင့် အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟို အလုပ်အမှုဆောင် ကော်မတီ (BEWU) တို့ ပူးပေါင်း၍ ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရည်ရွယ်ချက်များမှာ -

(က) ကျွန်ုပ်တို့သည် မြန်မာ့နွေဦးတော်လှန်ရေး၏ သမိုင်းပေးတာဝန်ဖြစ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ဒီမိုက‌ရေစီနိုင်ငံတော်ထူထောင်ရေးအတွက် NUG , CRPH တို့နှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်။

(ခ) ကျွန်ုပ်တို့သည် CDM သပိတ်လက်နက်ကို စွဲကိုင်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်။ အခြေခံနှင့် အဆင့်မြင့်ပညာရှိ CDM တိုက်ပွဲဝင်နေကြသော ပညာရေးဝန်ထမ်းများအား ထိရောက်စွာ ကူညီပံ့ပိုး နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်။

(ဂ) ကျွန်ုပ်တို့သည် GSCB အပါအဝင် တစ်နိုင်ငံလုံးရှိ သပိတ်ကော်မတီပေါင်းစုံနှင့် အတူလက်တွဲ၍ သပိတ်တိုက်ပွဲမျိုးစုံ၌ ပညာရေးတိုက်ပွဲဝင်အလံကို အမြင့်မားဆုံး လွှင့်ထူပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်။ GSCBHE သည် မြန်မာနိုင်ငံလုံး ဆိုင်ရာ သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) တာဝန်များကို ပါ ဆက်လက် ဆောင်ရွက်သွားမည်။ ကြားကာလအုပ်ချုပ်ရေး အစီအမံ များ ပြီးဆုံး‌အောင်မြင်သွားပါက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး သမဂ္ဂများအဖွဲ့ချုပ် အဖြစ် ရပ်တည်မည် ဖြစ်ပြီး ပညာရေးဝန်ထမ်းများ၏ အခွင့်အရေးများ၊ နစ်နာမှုများကို ကူညီဖြေရှင်းဆောင်ရွက်ရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သည့် ဖက်ဒရယ်ပညာရေးစနစ် အခြေခိုင်တည်တံ့စေရန်၊ နိုင်ငံတကာအဆင့်မီ ပညာ‌ရေးစံနှုန်းတစ်ခု ပေါ်ပေါက်စေရန် စသည်များကို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ညာရေးအစုအဖွဲ့များအနေဖြင့် ဗဟိုချုပ်ကိုင်မှု ကင်းမဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒတစ်ခု အောင်မြင်စွာ ပေါ်ထွက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဖြစ်သည့် အခြေခံ/အဆင့်မြင့် ပညာရေးအထွေထွေသပိတ်ကော်မတီ (GSCBHE)၊ တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ (RC of UTAs)၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ(BEWU-Sc)၊ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC)၊ မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ် (MTF)၊ နှင့် နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် (TTF) တို့ပူးပေါင်းပြီး ထုတ်ပြန်စာကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် " အသွင်ကူးပြောင်းရေးကာလ CDMများ အပေါ် တရားမျှတမှု ပေါ်လစီ/ဥပဒေ တခုပေါ်ပေါက်ရေး ညှိနှိုင်းအစည်းအဝေး "ကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် " ပညာရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအနေဖြင့် CDMပညာရေးဝန်ထမ်းများအတွက် supportingကိစ္စဆောင်ရွက်နိုင်ရေးပြုလုပ်မည် " ဟူ၍ လည်းကောင်း၊ ပြုလုပ်ခဲ့သည်။ ဖက်ဒရယ်ပညာရေးပူးပေါင်းဆောင်ရွက်မှုကွန်ရက် က စုစည်း၍ နွေဦးတော်လှန်ရေးတနှစ်တာကာလ CDM ပညာရေးဝန်ထမ်းထုညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

GSCBHE သည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်လည်း ပါဝင်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ (ဒုတိယမူကြမ်း) ကို ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။