အဖွဲ့အစည်းများ

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

MPSSCလူထုလှုပ်ရှားမှု

ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လူထုခေါင်းဆောင်နှင့် အစိုးရအဖွဲ့ဝင်များကို ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ကာ နိုင်ငံတော် အာဏာကို လက်နက်အားကိုး၍ အဓမ္မရယူ သိမ်းပိုက်ခဲ့သော မြန်မာစစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်တော်လှန်ကြသည့် မုံရွာမြို့နေ ပြည်သူများ၏ သပိတ်လှုပ်ရှားမှုများကို ဦးဆောင်ရန် “မုံရွာမြို့နယ်လုံးဆိုင်ရာ လူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီ” ကို  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (မုံရွာခရိုင်)၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) များကွန်ရက်-မုံရွာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (မုံရွာမြို့နယ်)၊ သခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် (မုံရွာ)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မျိုးဆက်သစ် အင်အားစု အဖွဲ့ (မုံရွာ) နှင့် အရပ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (မုံရွာ) တို့ပါဝင်ပါသည်။

စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံ နိုင်ငံရေး ခေါင်းဆောင်များ လွတ်မြောက်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အကောင်အထည် ဖော်ဆောင်ရေး အစရှိသည့် ဦးတည်ချက်များအတိုင်း သပိတ်တိုက်ပွဲကို ဆက်လက် ဦးဆောင်ပေးနေပါသည်။ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီသည် မြင်းခြံအကျဉ်းထောင်၊ ပခုက္ကူအကျဉ်းထောင်၊ မုံရွာအကျဉ်းထောင်၊ အကျဉ်းထောင်ထဲမှ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော နိုင်ငံရေး အကျဉ်းသားများ၏ အတွေ့အကြုံများဖြစ်သည့် ရိုက်နှက်၊ နှိပ်စက်စစ်ဆေးခြင်းများ၊ နှိပ်စက်စစ်ဆေးမှုများကြောင့် ကျဆုံးသွားရသည့် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြနေမှုများ၊ မတရားရုံးမှ ထောင်ဒဏ်ချမှတ်မှုများ၊  အစာရေစာဖြတ်တောက်ခြင်း ၊ သတင်းမှားများလွှင့်ခြင်း ၊ ရိုက်နှက် ရှော့တိုက်ခြင်း ၊ တိုက်ပိတ်ခြင်း၊ တရားခွင်အတွင်းဖိနှိပ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ အလုပ်ကြမ်းများ ခိုင်းစေခြင်း၊ LGBT များ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခံခြင်း၊ နိုင်ငံ‌ရေးအကျဉ်းသားများကို စာဖတ်ခွင့်ပိတ် ပင်ခြင်း၊ ကိုလည်း မှတ်တမ်းတင် ဖော်ပြပေးသည်။ ထို့ပြင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အခြေခံမူဝါဒများ၊ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒ၊ များကိုလည်း မျှဝေပေးသည်။

ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ကူညီရေးများတွင်လည်း ပါဝင်လှူဒါန်းကူညီပေးသည်။ စစ်ဘေးရှောင် မိဘပြည်သူများအား စုပေါင်း လှူဒါန်းမှုကိုသင်္ကြန်အခါသမယတွင်လည်း “တော်လှန် သင်္ကြန်၊ တော်လှန်သံချပ်နဲ့ ဒေါင်းမျိုးဆက်”၊ “တော်လှန်သင်္ကြန်၊ ပြည်သူ့အသံ” စသည်တို့ကိုလည်း မျှဝေပေးခဲ့သည်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီသည် "ကျေးလက်လူထုနိုင်ငံရေးဟောပြောပွဲ”၊  “အခြေခံ လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီဆိုင်ရာ သင်တန်း” ကို ဒေသတွင်း လူငယ်စွမ်းဆောင်ရည်မြင့်သင်တန်း၊  မုံရွာခရိုင်တပ်ရင်းတစ်ခုသို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ နိုင်ငံရေးလမ်းပြမြေပုံနှင့် COC (၂) ရပ်အား ဟောပြောပို့ချခြင်းများ၊ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ နှင့် မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းပြီး ပညာရေး လွတ်လပ်ခွင့်နှင့် လူထုအခြေပြု စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ဘုတလင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လူထုဟောပြောပွဲ၊ မုံရွာသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ နှင့် မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းပြီး ဖက်ဒရယ်အရေး၊ မကြောက်တရားနှင့် ဖက်ဒရယ် ပညာရေးနှင့်ပတ်သက်ပြီး လူထုဟောပြောပွဲ၊ ကလေးများနေ့ အထိမ်းမှတ် ဟောပြောပွဲ၊ နိုင်ငံရေးအသိ၊ တော်လှန်ရေးအကြောင်းအရာ၊ နည်းနာများကို မိဘပြည်သူများထံ သပိတ်တရားများကိုလည်း ဟောပြောတင်ပြခြင်းများ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့ ပြင်ဆင်စိုင်းပြင်းနေသော “အတုအယောင် ရွေးကောက်ပွဲ” ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကိုလည်း စဉ်ဆက်မပြတ် တင်ပြလုပ်ဆောင်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အတွက်မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပူးပေါင်းပြီး မုံရွာမြို့နယ်အတွင်းမှ ရဲရဲတောက်တော်လှန်အမျိုးသမီးများ၏ လှုပ်ရှားမှုမှတ်တမ်းပုံရိပ်များကို တင်ပြပေးခဲ့သည်။

၂၀၂၁ခု နှစ် မတ်လ၃ရက်နေ့ ၊ ဘုရားနီလမ်း(အာဇာနည်လမ်း)တွင် အာဏာသိမ်းစစ်အုပ်စုရဲ့ လက်ပါးစေများ အကြမ်းဖက်ဖြိုခွင်းမှုကြောင့်  မုံရွာမြို့မှ တော်လှန်ရေးရဲဘော် ၉ ဦးကျဆုံးခဲ့ရပါတယ်။ မတ်လ ၃ ရက်နေ့သည် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မုံရွာမြို့တွင် ပထမဆုံး သွေးမြေ ကျခဲ့ရသောနေ့လည်း ဖြစ်သည်။ ထို့ကြောင့် မတ်လ ၃ရက်နေ့ရောက်တိုင်း မုံရွာမြို့ ဘုရားနီလမ်း(အာဇာနည်လမ်း)ဖြိုခွင်းခံရခြင်းနှစ်နှစ်ပြည့် လှုပ်ရှားမှုများကိုလည်း ဦးဆောင် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ထိုဖြိုခွင်းမှုတွင် ကျဆုံးခဲ့သော အာဇာနည်များကိုလည်း မှတ်တမ်းတင် ဖော်ပြခဲ့သည်။ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ စစ်တပ်ထုတ်ကုန်စာရင်းများဖြန့်ဖြူးထုတ်ဝေခဲ့ပါသည်။ ထို့ပြင် ဒေသတွင်း ကျေးရွာများသို့ သွားရောက်ကာ boycott list (ဘူးသပိတ်ဆင်နွှဲကာ ရှောင်ကျဉ်ရမည့်စာရင်း) များကို ဖြန့်ဝေခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) နှင့် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစုများတွေ့ဆုံပွဲသို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တက်ရောက်ဆွေးနွေးခြင်းလည်း လုပ်ဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ပထမအပတ်နှင့် ဒုတိယ အပတ်အတွင်းတွင် နိုင်ငံသား အသိပညာ(Civic Education)နှင့် ဖက်ဒရယ်စနစ်(Federalism) အကြောင်း အသိပညာမျှဝေသည့် သင်တန်း ပြုလုပ်ခဲ့ပါသည်။

သဘာဝ ဘေးအန္တရာယ်ဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် စစ်ကောင်စီတပ်၏ထိုးစစ်ဆင် အကြမ်းဖက်နေမှုများနှင့် စပ်လျဉ်း၍လည်း ထုတ်ပြန်ချက်ကို ၂၀၂၃ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် မုန်တိုင်း မတိုက်မီ တွင်လည်း အရေး‌ပေါ် သတင်းထုတ်ပြန်ချက်ကို ထုတ်ခဲ့ပြီး အရေးပေါ် လူရွှေ့ပြောင်းရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ထုတ်ပြန်ခဲ့သည်။ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီသည် ဖွဲ့စည်းလိုက်သည့် နေ့မှစတင်ပြီး သပိတ်စစ်ကြောင်းများတွင် စဉ်ဆက်မပြတ် ဦးဆောင်ပါဝင်နေပါသည်။

ပူးပေါင်းဆောင်ရွက်ခဲ့သည့် သပိတ်စစ်ကြောင်းများနှင့် သပိတ်ကော်မတီများမှာ မှာ အမျိုးသမီးသပိတ်စစ်ကြောင်း၊ မုံရွာ-အမြင့်လမ်းကျေးရွာများ သပိတ်စစ်ကြောင်း၊ စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ စစ်ကိုင်းတိုင်း ကနီမြို့နယ် နွေ‌ဦးတော်လှန်ရေး သပိတ်စစ်ကြောင်း၊ ကျေးရွာဆီးမီးသပိတ်၊ ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ၊ အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ၊ ကနီမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီ၊ မြင်းခြံလူထုလှုပ်ရှားမှု သပိတ်ဦးဆောင်ကော်မတီ၊    မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ YFC မြောင်လူငယ်ကွန်ရက်၊ မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ လက်ပံတောင်းတောင် ပင်မသပိတ်၊ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသ များအဖွဲ့ချုပ်)၊ တကသ များကွန်ရက် (မုံရွာ)၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းသပိတ်ကော်မတီ၊ မုံရွာတော်လှန်လူငယ်များကွန်ယက်၊ မုံရွာလူငယ်စည်းရုံး၊ မုံရွာအခြေခံပညာ ကျောင်းသားများ သမဂ္ဂ အစရှိသည်တို့ပင် ဖြစ်သည်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီသည် တော်လှန်ရေးတွင်ပါဝင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသလို၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။

Reference
1.     https://www.facebook.com/MonywaPSSC