အဖွဲ့အစည်းများ

၁၉၉၀၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့

MPUရွေးကောက်ခံကိုယ်စားလှယ်များ

၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ မာနယ်ပလောဌာနချုပ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ကို ၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် အနိုရထားသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ လျှို့ဝှက် အစည်းအဝေး သဘောတူညီချက်များ အားအခြေခံလျက်၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) နှင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (DAB) တို့၏ အကူအညီဖြင့် ဖွဲ့စည်းခဲ့သည်။ NCGUB အစိုးရအဖွဲ့ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။

၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) တွင် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) ၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (DAB)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နှင့် MPU တို့ ပါဝင်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ထိုင်းနယ်စပ်တစ်နေရာ၌ မြန်မာနိုင်ငံ၏ “၁၉၉၀ ပြည့်-ရွေးကောက်ပွဲ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်” (၂၀) ကျော် တွေ့ဆုံဆွေးနွေးကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Members of Parliament Union (Burma)-MPU) ကို စတင်ဖွဲ့စည်းခဲ့ကြပါသည်။

MPU ၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီပြန်လည်ရရှိရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် စစ်မှန်သော ပြည်ထောင်စု တစ်ရပ် ပြန်လည်ပေါ်ထွန်းလာရေး တို့ပင် ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ထဲတွင် အရေးပါသည့် နေရာမှ ပါဝင်ခဲ့သလို၊ NCGUB စင်ပြိုင်အစိုးရနှင့်လည်း အနီးဆုံး ပူးပေါင်းဆောင်ရွက်ရသည့် အဖွဲ့အစည်း ဖြစ်သည်။ (၁၉၉၇ ခုနှစ်တွင် NCUB အတွင်း NCGUB ၏ ပါဝင်မှု ပိုမိုမှန်ကန်စေရန် NCGUB ၏ နေရာတွင် MPU ဖြင့် အစားထိုး ပြောင်းလဲ ပါဝင်စေခဲ့ပါသည်။)

၁၉၉၉ ခုနှစ်မှ စတင်ပြီး IPU ၏ အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းမှုဆိုင်ရာ အခြေခံမူများ ချမှတ်ရေး နှီးနှောဖလှယ်ပွဲသို့ MPU မှ တက်ရောက်ခဲ့ပြီး၊ အဆိုပါပွဲမှ “အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာ၌ အခြေခံရမည့် လမ်းညွှန်အခြေခံမူ (၈) ချက်” ကို ဖော်ထုတ် သဘောတူခဲ့သည်။ လမ်းညွှန်အခြေခံမူ (၈) ချက် ကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေ (မူကြမ်း) ကို ရေးဆွဲရန် “ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ-FCDCC” ကို ၂၀၀၅ ခုနှစ်၊ မတ်လ (၁၈-၁၉) တွင် ဖွဲ့စည်းခဲ့ပြီး၊ FCDCC မှ ရေးဆွဲသော ဖက်ဒရယ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ (ပထမမူကြမ်း) ကို ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်းကောင်း၊ ဒုတိယမူကြမ်း ကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်းကောင်း အတည်ပြုခဲ့သည်။

MPU သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် “ပြည်ပရောက် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် လက်ရှိအခြေအနေဆိုးများမှ အမြန်ဆုံး လွတ်မြောက်၍ လွတ်လပ်၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တိုင်းရင်းသား ပေါင်းစုံသူရဲကောင်းပြည်သူများနှင့် တသားတည်း ရပ်တည်ပြီး တိုက်ပွဲ၏ ဦးဆောင်းများဖြစ်ကြသော CRPH, CDM နှင့် Generation X-Y-Z တို့အား အားပေးကူညီသွားမည်ဖြစ်ကြောင်း” ၁၉၉၀၊ ပြည်ပရောက် ပြည်သူ့ကိုယ်စားလှယ်များမှ မြန်မာပြည်သူအပေါင်းသို့ တိုက်တွန်းနိုးဆော်ချက်စာတမ်းကို ထုတ်ပြန်ခဲ့သည်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းအခြေအနေများနှင့် MPU အနေဖြင့် ကူညီပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ-CRPH နှင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။  

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် နွေဦးတော်လှန်ရေးမှာ အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးရှိဖို့လိုပြီ ဟူသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင်လည်း နွေဦးတော်လှန်ရေးတွင် ကျရာကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပေးပို့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနား သဝဏ်လွှာတွင် အချိန်ကာ ၂ နှစ် ကျော်လွန်လာပြီး ဖြစ်သော်လည်း ယနေ့အထိ အမျိုးသား တန်းတူရေး နှင့် ပြည်သူများ ဒီမိုကရေစီ ဆုံးရှုံးနေသည့် ပြဿနာနှစ်ရပ်အား ဖြေရှင်းပေးမည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲနိုင်ခြင်း မရှိသည့်အတွက် ညီညွတ်ရေးနှင့် ပြည်ထောင်စု အမျိုးသား စိတ်ဓါတ်ပြိုကွဲမည်ကို အထူးစိုးရိမ်မိပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

MPU သည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်လည်း ပါဝင်ပါသည်။

References
1.     ဗမာပြည်နိုင်ငံရေး ပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်း၊ ဝင်းတင့်ထွန်း၊ ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ - စာမျက်နှာ ၃၁၃-၃၁၄
2.     https://www.facebook.com/100003599762468/posts/pfbid024M3fKciDscM7mRdGj5Cpd6pMcxJm9TUBBD32LcUNZJ21oH2FwBmS7L1yHqFQSwC9l/
3.     https://www.facebook.com/profile.php?id=100067342530364