အဖွဲ့အစည်းများ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်

MTFသမဂ္ဂ

၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ယာယီ ဟူ၍ ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတဝန်းလုံးရှိ စာပေသင်ကြားခြင်း လုပ်ငန်းဖြင့် အသက်မွေးသူ ကျောင်းဆရာ၊ဆရာမများအားလုံး လွတ်လပ်စွာ အဖွဲ့ချုပ်အတွင်း ဝင်ရောက်၍ ဆရာ၊ ဆရာမများအရေး၊ ကျောင်းသားကျောင်းသူများအရေး၊ အနာဂါတ် မြန်မာ့ ပညာရေး တိုးတက် ကောင်းမွန်လာနိုင်စေရန် ရည်သန်လျက် တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း (UTA)များကို အခြေခံကာ ဖွဲ့စည်းခဲ့ပါသည်။

စတင်ဖွဲ့စည်းခဲ့စဉ်က အလုပ်အမှုဆောင် (၉) ဦး၊ စည်းရုံးရေးမှူး (၂၀) ဦးနှင့် အဖွဲ့ဝင်အင်အား (၇၀၀) ကျော် ရှိခဲ့ပါသည်။ ပထမအကြိမ် ညီလာခံကို ၂၀၁၅ ခုနှစ် မေလ ၂-၃ ရက်တွင် မန္တလေးမြို့ Hotel Hazel တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ဖွဲ့စည်းပုံစည်းမျဉ်း ကို ၂၀၁၅ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် အတည်ပြုခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံ စည်းမျဉ်း၏ အခန်း (၁)၊ ပုဒ်မ (၁) အရ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (Myanmar Teachers’ Federation) ဟူ၍ အတည်ပြုခဲ့သည်။  

MTF ၏ ဒုတိယအကြိမ် ညီလာခံကို(၈-၉၊ ၇၊ ၂၀၁၇)မှ ၉-၇-၂၀၁၇ နေ့ အထိ ညောင်ဦးမြို့ ပုဂံဒေသတွင်      ကျင်းပခဲ့သည်။  MTF ၏ တတိယ အကြိမ် ညီလာခံကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် Zoom ဖြင့်ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း မဆောင်ရွက်နိုင်ခဲ့ပါ။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ကာ၊ အစည်းအဝေး ဆုံးဖြတ်ချက်အရ အလုပ်အမှုဆောင်အဖွဲ့ဩ သက်တမ်း ကုန်ဆုံးပြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင် ညီလာခံ မခေါ်ယူနိုင်သည့် အတွက် အလုပ်အမှုဆောင် အသစ် ပြန်လည် ရွေးချယ်ရန် မဖြစ်နိုင်သည့် အတွက် အလုပ်အမှုဆောင် (၆၁) ဦး ကော်မတီ ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။ ထို့နောက် (၁) MTF မြို့နယ်အဖွဲ့ခွဲများနှင့် လတ်တလော ချိတ်ဆက် ဆောင်ရွက် နိုင်ရန်၊  (၂) ပြည်သူ့အာဏာဖီဆန်ရေး CDM ဆောင်ရွက်နေကြသော ဆရာ/ဆရာမများ ပညာရေး ဝန်ထမ်းများကို ကူညီပံ့ပို့ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ နှင့် (၃)  ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင် (၁၁) ဦးပါဝင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် ကြားကာလ ဗဟိုကော်မတီ ကို  ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ဖွဲ့စည်း တာဝန်ပေးအပ်ကြောင်း ကြေငြာခဲ့သည်။

MTF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ နိုင်ငံရေး လောကမှ ဩဇာရှိခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် ဒီမိုကရေစီလမ်းကြောင်းကို သွေဖည်သွားစေသည့်အပြင် နိုင်ငံတော်ဩ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုများကို နှောင့်နှေးစေသည့်အတွက် ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေတွင် “ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စ၍ နိုင်ငံတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုကြီးတွင် ပညာရေး ဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်” ဟူသည့် CDM လှုပ်ရှားမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေငြာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ရေးသားထားသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ အခန်း (၄)၊ ပုဒ်မ (၁၀) တွင် ပါဝင်သည့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ခြင်း နှင့် ပြည်သူကို ရိုလေသေးစားခြင်း ကို ရည်ညွှန်း၍ Civil Disobedience Movement (CDM) နှင့် ပတ်သက်၍ ထုတ်ပြန်ကြေငြာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို အပြည့်အဝ ထောက်ခံကြောင်းနှင့် အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့၏ စီမံအုပ်ချုပ်မှုကို လိုက်နာ ဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။ ထို့နောက် အခြေခံ/အဆင့်မြင့် ပညာရေးအထွေထွေသပိတ်ကော်မတီ (GSCBHE)၊ တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ (RC of UTAs)၊  အခြေခံပညာရေးလုပ်သား သမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ(BEWU-Sc)၊အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC)၊ မြန်မာနိုင်ငံဆရာ/ဆရာမများအဖွဲ့ချုပ် (MTF) နှင့် နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် (TTF) တို့ ပူးပေါင်းပြီး ပညာရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

MTF မှ ပူးပေါင်းဆောင်ရွက်သည့် ဖက်ဒရယ်ပညာရေးပူးပေါင်းဆောင်ရွက်မှုကွန်ရက် က စုစည်း၍ နွေဦးတော်လှန်ရေးတနှစ်တာကာလ CDM ပညာရေးဝန်ထမ်းထုညီလာခံ ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅-၂၆ ရက်နေ့များတွင် ပြုလုပ်နိုင်ခဲ့သည်။ ပညာရေးနှင့်ကျန်းမာရေး CDM အင်အားစုများပူးပေါင်း၍ CDM လှုပ်ရှားမှုများအရှိန်အဟုန် မြှင့်တင်ပြီး အားကောင်းစေရန်နှင့် CDM ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပိုမိုပြီး ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်လျက် ဘုံရည်မှန်းချက်တူ CDM အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများ ပူးပေါင်း နိုင်ရန် ရည်ရွယ်၍ CDMလှုပ်ရှားမှုနှင့် တိုက်ပွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် MTF ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးပူးပေါင်းဆောင်ရွက်မှုကွန်ရက်(FDECN)သည် "ထောင်တွင်း အကြမ်းဖက်မှု၊ မတရားသတ်ဖြတ်မှုများနှင့် နိုင်ငံရေးအကျဥ်းသားများအပေါ်  သေဒဏ်စီရင်မှုကို ဆန့်ကျင်ခြင်း၊ ထောင်တွင်တိုက်ပွဲများနှင့်အတူရပ်တည်ခြင်း" ဖဲကြိုးနက်လှုပ်ရှားမှုတွင် ပါဝင် လာခဲ့သည်။ ၂၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် CDM Policy အမြန်ဆုံး အတည်ပြုနိုင်ရေး အတွက် တိုက်တွန်းကြေငြာချက်ကိုလည်း အခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးတွဲ ထုတ်ပြန်ခဲ့သည်။

MTF သည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်လည်း ပါဝင်ပါသည်။

References
1.     https://www.facebook.com/people/Myanmar-Teachers-Federation/100066260394798/