ရှေ့ပြေးအသံ
ရှေ့ပြေးအသံ (Progressive Voice – PV) အဖွဲ့အား ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် စည်းရုံးလှုံ့ဆော်ရေးလုပ်ဆောင်သည့် အာရှ-ပစိဖိတ်ဒေသတွင်းမှ အဖွဲ့များဖြင့် ၂၀၀၆ ခုနှစ်တွင် ကွန်ရက်အဖြစ် ချိတ်ဆက်ဖွဲ့စည်းခဲ့သည့် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership) မှ ပေါက်ဖွားလာသည့် အဖွဲ့ ဖြစ်သည်။
PV အား ခွဲခြားဖိနှိပ်ဆက်ဆံမှု ကင်းကာ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လူ့အခွင့်အရေး အခြေခံမူများအား ကိုင်စွဲကျင့်သုံးသည့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံ ပေါ်ထွန်းရေးကို မျှော်မှန်း ဖွဲ့ စည်းသည်။
အရပ်ဘက် လူထုအသိုင်းအဝိုင်းအား အခြေပြုထားကာ လူထုပါဝင်မှုနှင့် အခွင့်အရေးကိုအခြေခံသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး အဖွဲ့လည်း ဖြစ်ကာ အောက်ခြေလူထုအသံအား ဒေသန္တရနှင့် နိုင်ငံတကာအဆင့်အထိ မြှင့်တင်ပေးသွားရန် ဦးတည်ထားသည်။
အဖွဲ့အား ဦးစားပေး ကဏ္ဍသုံးခု၌ အဓိထားကာ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်သည်။
မူလအဖွဲ့အစည်းဖြစ်သည့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့၏ ရှိရင်းစွဲ အားသာချက်နှင့် ကွန်ရက်များ၊ တန်ဖိုးထားမှုနှင့် ပြောင်းလဲနေသည့် နိုင်ငံရေး၊ အရပ်ဘက် အသိုင်းအဝိုင်းများ၏ အားသာချက်အား အခြေပြုကာ အခွင့်အရေးနှင့် လူထုပူးပေါင်းပါဝင်မှုကို အခြေခံသော သုတေသနအစီရင်ခံစာများ ထုတ်ပြန်ခြင်းများအား အဖွဲ့ စတင်တည်ထောင်ချိန်မှ ယနေ့အချိန်အထိ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ထို့ပြင် နိုင်ငံအတွင်း အုပ်ချုပ်သူများဘက်က ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများအား နိုင်ငံတကာ သိရှိနိုင်စေရန်အတွက် လက်မှတ်ထိုး တောင်းဆိုမှု၊ အိတ်ဖွင့်ပေးစာ ထုတ်ပြန်မှုများလည်း ရှိခဲ့သည်။ ထို့ပြင် နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေနိုင်သော နိုင်ငံတကာစီမံကိန်းများ၏ အန္တရာယ်ဆိုင်ရာ အ ကြောင်းအရာများကိုလည်း သီးခြားစစ်တမ်းများအဖြစ် ထုတ်ပြန်ခဲ့သည်။ ထို့အပြင်အရပ်ဘက်အဖွဲ့အစည်းများ၏ အင်အားကို စုစည်းကာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများသို့ ပန်ကြားလွှာများကိုလည်း ဦးဆောင် ထုတ်ပြန်လျက်ရှိသည်။