ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force – YRF) ဗဟိုဦးဆောင်အဖွဲ့ဝင်၊ ဘဏ္ဍာရေးဌာန တာဝန်ခံ ရဲဘော်သန်းထိုက် (ခ) ညီညီမှာ သြဂုတ် ၂၇ ရက် ညပိုင်းက လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအတွက် အမှုမှန်ပေါ်ရေး၊ တရားမျှတမှုရရှိရေးအတွက် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီပေးကြရန် YRF က သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိကာလတွင် တော်လှန်ရေးတပ်ဖွဲ့များ အုပ်စိုးမှုရှိသော ဒေသများ၌ လက်နက်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု၊ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း၊ယင်းတန်ပြန်တော်လှန်ရေးလုပ်ရပ်များအား တိုးတက်သော တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းအကြား ပူးတွဲစုံစမ်း ဖော်ထုတ်ခြင်းများ၊ ပူးတွဲအုပ်ချုပ်မှုနှင့် လုံခြုံရေးလုပ်ငန်းများ အားနည်းနေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းအားနည်းချက်များအား ပူးပေါင်းတိုက်ဖျက်ရန် လိုအပ်ကာ ရဲဘော်သန်းထိုက် (ခ) ညီညီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မည်သူကျူးလွန်သည်ဖြစ်စေ တရားခံအား အပြစ်ရှိသည့်အတိုင်း အပြစ်ပေးအရေးယူမည်ဟုလည်းYRF ဗဟိုဦးဆောင်အဖွဲ့က သဘောထား ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။