မန္တလေးတိုင်းအတွင်းရှိ စစ်ကြောရေးစခန်းတစ်ခုအတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုက ထိန်းသိမ်းထားသူများအား အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သည့်သက်သေခံ ရုပ်သံဖိုင်များအား လက်ခံရရှိထားကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် တာဝန်ခံလာစေမည့် သက်သေအထောက်အထားများဖြစ်ကြောင်း Fortify Rights အဖွဲ့က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ရုပ်သံဖိုင်များအား အသက် ၃၅ နှစ်အရွယ် အကြမ်းဖက်စစ်အုပ်စုအဖွဲ့ဝင်တစ်ဦးက လျှို့ဝှက်ရိုက်ကူးခဲ့ခြင်းဖြစ်ကာ ၎င်း ထွက်ပြေးလွတ်မြောက်လာပြီး ၂၀၂၃ ခုနှစ် မတ်လတွင် လက်ခံရရှိခဲ့ကြောင်း၊ ရရှိထားသည့် သက်သေခံ ရုပ်သံဖိုင်(၁၀) ခုတွင် စစ်ကြောရေး၌ ဖမ်းဆီးခံရသူ အမျိုးသား ၄၆ ဦးနှင့် အမျိုးသမီးနှစ်ဦးအား အသက်သေဆုံးသည်အထိ ညှင်းပန်းရိုက်နှက်မှု၊ ကိုယ်လုံးတီး ကြိုးတုပ်၍ ရိုက်နှက်မှု၊ လျှပ်စစ်ရှော့တိုက် နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်ထားသည့် သက်သေအထောက်အထားများ ပါဝင်သည်။
အကြမ်းဖက်နှိပ်စက်သူများတွင် စစ်သား၊ လေတပ်၊ စစ်ထောက်လှမ်းရေး(စရဖ) တို့မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်အဆင့်ရှိသူများ ပါဝင်ကြောင်း၊ အထောက်အထားများ ရယူပေးသူအား ကာကွယ်ပေးရန်နှင့် ယင်းအကြမ်းဖက်မှုများအား ချက်ချင်း စုံစမ်းအရေးယူပေးရန်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့လည်း Fortify Rights အဖွဲ့က တောင်းဆိုထားသည်။
Fortify Rights သည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ စုံစမ်း၊ ဖော်ထုတ်၊ တောင်းဆိုမှုများအား ၂၀၁၃ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။