အဖွဲ့အစည်းများ

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ

Karenni IECလူမျိုး/ပြည်နယ် အဖွဲ့အစည်း

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State – IEC) ကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karrenni State Consultative Council – KCSS) ၏ နိုင်ငံရေး ဦးဆောင်မှု၊ မူဝါလမ်းညွှန်မှုများအတိုင်း ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်တွင် ရည်ရွယ်ချက်ငါးရပ်ဖြင့် ဖွဲ့စည်းသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State – IEC) ကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karrenni State Consultative Council – KCSS) ၏ နိုင်ငံရေး ဦးဆောင်မှု၊ မူဝါလမ်းညွှန်မှုများအတိုင်း ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်တွင် ရည်ရွယ်ချက်ငါးရပ်[1] ဖြင့် ဖွဲ့စည်းသည်။

KCSS ကိုမူ ၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်တွင် ပြည်နယ်အတွင်းရှိ ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များအားလုံး စုစည်းထားသည်။

IECကနဦး စုဖွဲ့မှုအဖြစ် ခူဦးရယ် (ဥက္ကဌ)၊ ခွန်ဘီထူး (ဒုဥက္ကဌ)၊ ခူပလုရယ် (အထွေထွေအတွင်းရေးမှူး)၊ ဇူးပဒုမ္မာ (အတွင်းရေးမှူး - ၁)၊ ဗညားခွန်အောင် (အတွင်းရေးမှူး -၂)၊ မော်ဖိုးမြာ (ဘဏ္ဍာရေးမှူး) တို့က ဦးဆောင်သည်။

ကြားကာလ (တော်လှန်ရေးကာလ) အတွင်း ကရင်နီပြည်သူများ အသက်အိုးအိမ်နှင့် ဘဝရှင်သန်မှုကို ကာကွယ်ရန်၊ ပြည်သူများအကြား အရေးပေါ်လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်ရန်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု တည်ဆောက်နိုင်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်ဖြင့်ကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ကိုယ်ပိုင်စီမံအုပ်ချုပ်ရေးစနစ်အား အစပျိုး လက်တွေ့အကောင်အထည်ဖော်ရန်[2] ဖြစ်သည်။

IEC ရည်ရွယ်ချက်အဖြစ် (၁) စုပေါင်းခေါင်းဆောင်မှုဖြင့် ကြားကာလ ပြည်နယ်အစိုးရတရပ် အုပ်ချုပ်ရေး ဖော်ဆောင်ရန် (၂) ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန် ထိန်းညှိကာ ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန် (၃) ပြည်နယ်တွင်း အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်ဟု ထုတ်ပြန်[3]ထားသည်။

တရားဝင်ဖွဲ့စည်းမှုအပေါ် တော်လှန်ရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ ပြည်နယ်နှင့် တိုင်းအတိုင်ပင်ခံကောင်စီများ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၊ အဖွဲ့အစည်းပေါင်း ၅၀ ကျော်က ကြိုဆိုကြောင်း ထုတ်ပြန်သည်။

IEC ဖွဲ့စည်းစဉ်က ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ခု ထားရှိရန် ရည်မှန်းသည်။ စက်တင်ဘာ ၇ ၇က်တွင် ပြည်ထဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်း စာနာထောက်ထားရေးနှင့် ပြည်လူထူထောင်ရေး၊ စီမံကိန်း/ဘဏ္ဍာရေးနှင့် အခွန်ဌာနများ ဖွဲ့စည်းကာ ဌာနမှူးကြီးများနှင့် ဒုတိယဌာနမှူးများ ခန့်အပ်သည်။ အောက်တိုဘာ ၁၈ ရက်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနဖွဲ့စည်း ခန့်အပ်သည်။

IEC သည် နိုဝင်ဘာ ၂၉ ရက်တွင် တရားရေးဌာန ဖွဲ့စည်းကာ ဌာနမှူးကြီးနှင့် ဒုတိယဌာနမှူး သုံးဦးအား ခန့်အပ်သည်။ IECသည် တရားစီရင်ရေးလုပ်ငန်းအတွက် ကရင်နီပြည်နယ် ရဲဌာန ဥပဒေကို ကြားကာလလွှတ်တော်မှတစ်ဆင့် ဒီဇင်ဘာ ၅ ရက်တွင် ပြဌာန်းပေးထားသည်။ ဥပဒေအရ ဌာနချုပ်မှူးကြီးသည် ပြည်နယ်ရဲချုပ် ဖြစ်ကာ ၎င်းအား IEC က ခန့်အပ်သည်။ ယင်းရက်တွင်ပင် "ကရင်နီပြည်နယ် ကြားကာလ တရားစီရင်ရေး ဥပဒေ"[4] ကိုပါ တပါတည်း ပြဌာန်းသည်။

ဒီဇင်ဘာ ၁၁ ရက်တွင် IEC  "ဘက်ပြောင်းရေးအစီအမံ"[5] အား ထုတ်ပြန်ကာ "ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးကော်မတီ" အား ကောင်စီဒုဥက္ကဌ ခွန်ဘီထူးအား ဦးဆောင်စေသည်။ ဘက်ပြောင်းလိုသည့် ပြည်သူ့ဘက်ရပ်တည်မည့် တပ်မတော်သားများအနေဖြင့် IEC ထံသို့ လက်နက်ချပါက ၎င်းတို့၏ ရာထူး၊ ဂုဏ်သိက္ခာ၊ လုံခြုံမှုအား အာမခံကြောင်း ကြေညာသည်။

IEC သည် မူလရည်မှန်းချက်အတိုင်း ဌာနများ ဆက်လက်ဖွဲ့စည်းရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနအား ဖွဲ့စည်းကာ ဌာနမှူးကြီးအဖြစ် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD အစိုးရလက်ထက် ကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဦးအယ်လ်ဖောင်ရှိုအား ခန့်အပ်[6] သည်။ ၎င်းသည် ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။

ဇန်နဝါရီ ၂၄ ရက်တွင် ပြည်နယ်တရားရုံးချုပ် ပြည်နယ်တရားသူကြီးအဖြစ်များအား ဆက်လက် ခန့်ထားသည်။[7]