အဖွဲ့အစည်းများ

ကချင်လွတ်လပ်ရေး အဖွဲ့ချုပ်

KIOလူမျိုး/ပြည်နယ် အဖွဲ့အစည်း

ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (Kachin Independence Organisation – KIO) ကို ၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည်။  ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ကချင်လွတ်မြောက်ရေးကောင်စီ (Kachin Independence Council) ကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးဖြင့် တရားမျှတမှု ရယူရန် ရည်ရွယ်ခဲ့သော်လည်း မဖြစ်နိုင်ခဲ့သဖြင့် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (Kachin Independence Army – KIA) ကို စတင်တည်ထောင်ခဲ့သည်။ ဖွဲ့စည်းပုံအရ KIO, KIA, KIC ဟူ၍ ဗဟို အဖွဲ့အစည်း (၃) ရှိပြီး အမြင့်ဆုံး အာဏာပိုင်မှာ KIO ဖြစ်သည်။

KIO/KIA ၏ ရည်ရွယ်ချက်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိရေး၊ တိုင်းရင်းသား လူမျိုးများ အားလုံး တန်းတူညီမျှ ရရှိရေး၊ အာဏာနှင့် သယံဇာတ ခွဲဝေသုံးစွဲပိုင်ခွင့် ရှိရေးတို့ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ် ကျင့်သုံးသည့် ပြည်ထောင်စုသစ် တည်ဆောက်ရေး ဖြစ်သည်။

KIO နှင့် KIC ၏ ဥက္ကဌမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်ပြီး၊ ဒုတိယ ဥက္ကဌ (၁) မှာ ဒု-ဗိုလ်ချုပ်ကြီး ဆွန်လွတ်ဂွမ်မော် ဖြစ်သည်။ KIA ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင် ဖြစ်သည်။

၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး KIA အုပ်ချုပ်ရေး ယန္တရားဖြစ်သည့် အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဟူ၍ ခရိုင် (၄) ခရိုင်ခွဲကာ အုပ်ချုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ KIA တွင် တပ်မဟာ ၁၀ ခု ရှိပြီး တပ်မဟာ ၁၊ ၂၊ ၃ ၊ ၅၊ ၇ နှင့် ၈ တို့သည် ကချင်ပြည်နယ်အတွင်း၌ လှုပ်ရှားပြီး တပ်မဟာ ၄၊ ၆ နှင့် ၁၀ တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် စစ်တပ်နှင့် တကျော့ပြန် စစ်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တွင် ဦးဆောင်ကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ရေးဆွဲရာတွင် ပါဝင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ NCA စာချုပ် ချုပ်ဆိုမှုတွင် မပါဝင်ခဲ့ပါ။

၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC – Federal Political Negotiation and Consultative Committee) တွင် UWSA က ဥက္ကဌ၊ KIA က ဥက္ကဌ (၂) အဖြစ် ဦးဆောင် ဖွဲ့စည်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်ကောင်စီကို ဆန့်ကျင်ရှုံ့ချခဲ့သော အဖွဲ့အစည်းလည်း ဖြစ်သည်။ KIA သည် အမျိုးသားညီညွတ်ရေးအစိုးရ​(NUG)နှင့်လည်း နိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို ပူးတွဲဆွေးနွေး သည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များကိုလည်း စစ်သင်တန်းပေးလျက် ရှိသည်။​

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA သည် စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်-စစ်ကိုင်းနယ်စပ်နှင့် ပူတာအိုမြို့နယ်တို့တွင် KIA မှာ  PDF နှင့် ပူးတွဲ၍ စစ်ရေးလှုပ်ရှားလျက်ရှိသည်။