အဖွဲ့အစည်းများ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

ULA/AAလူမျိုး/ပြည်နယ် အဖွဲ့အစည်း

AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ULA ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ပထမညီလာခံ ကျင်းပပြီး ဗဟိုကော်မတီဝင် ၂၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ULA/AA ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်သည် ရခိုင်အမျိုးသားများ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်ရရှိရေး၊ ရခိုင်လူမျိုးတို့၏ သဘာဝသယံဇာတ ရပိုင်ခွင့်၊ ဆုံးရှုံးသွားသည့် ရခိုင်လူမျိုးများ၏ ကံကြမ္မာကို မိမိလက်အတွင်း ထားရှိနိုင်ရေး၊ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များ၏ အခွင့်အရေးနှင့် အမျိုးသားရေးဆုံးရှုံးမှုများကို ပြန်လည်ရရှိရေး တို့ကို လုပ်ဆောင်ရန် ဖြစ်သည်။

ထင်ရှားသော ခေါင်းဆောင်များမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်(ULA ၏ ဥက္ကဋ္ဌ၊ AA ၏ စစ်ဦးစီးချုပ်)၊ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်(ULA ၏ အထွေထွေအတွင်းရေးမှူး၊ AA ၏ ဒုတိယ စစ်ဦးစီးချုပ်)၊ ဗိုလ်မှူးကြီးကျော်ဟန် (အတွင်းရေးမှူး -၁) နှင့် ဦးခိုင်သုခ (ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ) တို့ပင် ဖြစ်သည်။

ULA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(FPNC – Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ပန်ခမ်းမြို့၌ ကျင်းပခဲ့သော FPNCC လုပ်ငန်းအစည်းအဝေး ထုတ်ပြန်ချက်တွင် မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍ မိမိတို့နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆပြီး အဆိုပါအယူအဆကို မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုပြီး အကောင်အထည်ဖော်သွားရမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၅ ခုနှစ် NCA ထိုးရာတွင်ပါဝင်ခွင့်ပြုရန် အစိုးရ/တပ်၏ငြင်းပယ်ခြင်းခံရသည်။ ပထမအကြိမ် ပင်လုံညီလာခံကို တက်ရောက်ခွင့် မရရှိပဲ၊ ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ပင်လုံညီလာခံကို တရုတ်၏ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မြောက်ပိုင်း အဖွဲ့ (၇) ဖွဲ့နှင့် အတူတက်ရောက်ခွင့်ရခဲ့သည်။

စစ်တပ်နှင့် AA အကြား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှ စတင်ခဲ့သည့် တိုက်ပွဲများသည် ၂၀၁၉ ခုနှစ်တိုင် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။  ၂၀၁၉ ခုနှစ်မှစ၍ AA နှင့် အစိုးရ၊ စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေး အတွက် ပြန်လည်ဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာတွင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခြင်းကြောင့်  အပစ်ရပ်စာချုပ် တစုံတရာ ချုပ်ဆိုခဲ့ခြင်း မရှိသော်လည်း အပစ်ရပ်ဆိုင်းခဲ့ကြသည်။  

၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် AA ကို မတရားအသင်း ကြေညာခဲ့သလို အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြောင်း ထုတ်ပြန်ခဲ့သည်။  

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ် ၂၃ ရက်တွင် AA ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ပထမပတ်အတွင်း မောင်တောမြို့နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။   ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီနှင့် AA ကြား လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ကို ထပ်မံသဘောတူခဲ့ကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ULA/AA သည် ၎င်းတို့ ၏ အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရားများကို ရခိုင်ပြည်နယ်တွင်း ပိုမိုချဲ့ထွင်ခဲ့သည်။