ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် ကရင်နီအမျိုးသား ခုခံတော်လှန်ရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။ အဆိုပါတော်လှန်ရေး ခေါင်းဆောင်များက ၁၉၅၇ ခုနှစ်၊ မေလ (၂) ရက်နေ့တွင်၊ ကရင်နီပြည်၊ လိုပွာခိုခရိုင်၊ ပိုဝေါ်မြို့နယ်၊ ဟီလူ(ကသိုးခီး)ရွာတွင် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP/KA) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ရုံးချုပ်မှာ ညာမူ၊ ရှားတောမြို့နယ်၊ ကရင်နီပြည်နယ်တွင် ရှိပါသည်။
၁၄ ကြိမ်မြောက် ပါတီကွန်ကရက်တွင် ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီအား အောက်ပါအတိုင်း ဖွဲ့စည်းအတည်ပြုခဲ့သည်။ -
(၁) ခူဦးရယ် - ပါတီဥက္ကဌ
(၂) အေဘယ်တွိဒ် - ပါတီ ဒုတိယ ဥက္ကဌ
(၃) ခူပလူးရယ် - အထွေထွေ အတွင်းရေးမှူး
(၄) ခူဒယ်နီယာ - အတွင်းရေးမှူး (၁)
(၅) အောင်ဆန်းမြင့် - အတွင်းရေးမှူး (၂)
(၆) စောခဲလေ - ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်
(၇) ခူတော်ရယ် (အက်စ်) – ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်
(၈) ခူညေးရယ် - ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်
(၉) စောလုသာသန်း - ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်
KNPP ၏ လှုပ်ရှားနယ်မြေများမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ မော်ချီးနှင့် ဘော်လခဲမြို့နယ်များပင် ဖြစ်ပါသည်။ KNPP ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်သည်။
KNPP တွင် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ကရင်နီတပ်မတော် (Karenni Army) ဟူ၍ ရှိသည်။ KNPP သည် ဦးသိန်းစိန် အစိုးရလက်ထက်မှ စပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း NCA တွင် လက်မှတ်မရေးထိုးခဲ့ပါ။
KNPP သည် စစ်အာဏာသိမ်းမှုကို အစဉ် တစိုက် ဆန့်ကျင်နေသော အဖွဲ့အစည်းဖြစ်သည်။ ဒေသတွင်း အသစ်ပေါ်ထွက်လာသည့် ကရင်နီတော်လှန်ရေးတပ်များကို စစ်သင်တန်းပေးခြင်း၊ ဦးဆောင်မှု ပြုလုပ်ပေးခြင်း နှင့် ပူးတွဲ စစ်ဆင်ရေးများ ပြုလုပ်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။ KA အခြေခံစစ်သင်တန်းမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ တွင် အပတ်စဉ် (၇၄) အထိ ရှိနေပြီ ဖြစ်ပါသည်။ စစ်အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တွင် KA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးသည် စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသည်။
စစ်တပ်မှ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းသည့်အခါတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် မည်သည့်ဆွေးနွေးမှုကိုမှ လက်မခံကြောင်း ပြတ်ပြတ်သားသားပြောခဲ့သည်။ စစ်အာဏာရှင် ဆန့်ကျင်သည့် အခြားသော အစုအဖွဲ့ အဖွဲ့အစည်းများဖြစ်သည့် NUG, CRPH, KNU, KNU, CNF, NLD, ABSDF တို့နှင့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ စစ်အာဏာရှင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု လုပ်ရပ်များကို ဆန့်ကျင့်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပူးတွဲ ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သည်။
KA အခြေခံစစ်သင်တန်းမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ တွင် အပတ်စဉ် (၇၄) အထိ ရှိနေပြီ ဖြစ်ပါသည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ကရင်နီဒေသများတွင် တိုက်ပွဲဖြစ်ပွားမှု သိသိသာသာ များလာပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်လာခဲ့သည်။ အရပ်သားထိခိုက်မှုနှုန်း မြင့်မားလာသလိုစစ်ဘေးရှောင်ဉီးရေလည်း များပြားလာခဲ့သည်။ KNPP ဘက်မှလည်း စခန်းသိမ်းတိုက်ပွဲများကို လုပ်ဆောင်လာခဲ့သည်။
KNPP သည် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တွင်လည်း အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်နေသလို၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်လည်း ပါဝင်ပါသည်။
References
1. https://web.archive.org/web/20181223213641/http://www.mmpeacemonitor.org/stakeholders/armed-ethnic-groups/160-knpp
2. https://mmpeacemonitor.org/1552/knpp/
3. https://ispmyanmarpeacedesk.com/eao/karenni-national-progressive-party/
4. https://m.facebook.com/story.php?story_fbid=pfbid02iQzshAwwUBh4EPYxL5oKWBUnMMp4tY97XvaafQecgbQ8ShrutC9SacKDHBD8555Nl&id=166580710064489&mibextid=Nif5oz
5. https://www.facebook.com/100075878650388/posts/pfbid02VCZZArDcAqP3jHBhaJTs5LRq2hBJma5bTAsjxKihe1zatTGTvyq1NMTMrA6apnXol/