ဟန်ပြ ခြေဥ ပြင်ဆင်ချက်များနှင့် ပုံဖော်လာသည့် အရပ်သား အာဏာရှင်စနစ်
ဤစာတမ်းတိုသည် စစ်အုပ်စုက ၎င်း၏လွှတ်တော်သို့ ပေးပို့ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်/ဖြည့်စွက်ရန် အဆိုပြုချက် (၄၃) ချက်ကို ဖက်ဒရယ်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စစ်ဘက်ရေးရာနှင့် ရွေးကောက်ပွဲ ကဏ္ဍများအလိုက် ကနဦး လေ့လာသုံးသပ်ထားခြင်း ဖြစ်ပါသည်။
စစ်အုပ်စုသည် ရွေးကောက်ပွဲအတု ကျင်းပပြီး ၎င်း၏ ခေါင်းဆောင် မင်းအောင်လှိုင်ကိုပင် သမ္မတအဖြစ် ခန့်အပ်ခဲ့ပြီး၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်/ဖြည့်စွက်ချက် (၄၃) ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည်။ အဆိုပြုချက်များတွင် ၎င်းတို့နှင့် ဆွေးနွေးခဲ့သည့် EAO များနှင့် သဘောတူခဲ့သည့် အချက်အားလုံး မပါဝင်သည့်အပြင် နိုင်ငံရေးပါတီများ တင်ပြခဲ့သည့် အချက် (၂၀၀) ကျော်အနက်မှလည်း အနည်းငယ်သာ ပါဝင်သည်။ အဆိုပြုချက်များသည် အရေအတွက်အားဖြင့် အုပ်ချုပ်ရေးပိုင်းကို အများဆုံး ရည်ရွယ်ထားပြီး သမ္မတ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာကို တိုးချဲ့ထားသည်။ တိုင်း/ပြည်နယ်များအား ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ပေးသော်လည်း ၂၀၀၈ ဘောင်အတွင်းသာ ဖြစ်၍ ဗဟိုဦးစီးစနစ်ကိုသာ ဆက်လက် ခိုင်မာစေမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်း ၁၀ နှစ် ဖြစ်လာပြီး အဖွဲ့ဝင်များ နုတ်ထွက်ရန် သမ္မတ၏ ခွင့်ပြုချက် လိုအပ်လာမည် ဖြစ်သည်။
အဆိုပြုချက် (၄၃) ချက်သည် ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစံနှုန်း၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးတို့နှင့် ဆန့်ကျင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအခြေပြု အာဏာရှင်စနစ်ကိုသာ ခိုင်မာစေမည် ဖြစ်သည်။