သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ
NUCC က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ "အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းအဖွဲ့" - Transitional Constitution Working Group – TCWG ကို ဖွဲ့စည်းခဲ့သည်။၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ လမ်းညွှန်မှုဖြင့် "အသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းအဖွဲ့ - Transitional Constitution Preparation Team – TCPT ကို ဖွဲ့စည်းခဲ့သည်။
မန္တလေး ကြားကာလ အစီအမံ အခန်း (၉) အထိ ရေးဆွဲပြီး ဖြစ်
မန္တလေးဒေသ ကြားကာလအစီအမံအား အများပြည်သူ အကြံပြုချက် ရယူ၍ ရေးဆွဲလျက်ရှိရာ လက်ရှိတွင် အခန်း (၉) ခု အထိ ရေးဆွဲပြီး ဖြစ်ကြောင်း ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်ရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ကြေညာချက်အမှတ် ၄/၂၀၂၅ ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်လိုက်သည်။
အမျိုးသားတန်းတူရေးအတွက် လက်နက်ကိုင်လမ်းစဉ်သာ ရှိဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ထုတ်ပြန်
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် နိုင်ငံရေးအာဏာ ရယူရာ၌ လက်နက်ကိုင်တော်လှန်သည့်လမ်းစဉ်မှတပါး အခြားမရှိသည့်အတွက် ပြည်တွင်း၊ ပြည်ပရှိ မွန်ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပါဝင်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုက်တွန်းလိုက်သည်။
Bottom-Up Federalism ချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်တည်ဆောက်မည်ဟု တိုင်းရင်းသားနှင့် ဖက်ဒရယ်ကောင်စီများ ကြေညာ
ဗဟိုချုပ်ကိုင်မှုစနစ်သည် ဆယ်စုနှစ် ခုနနှစ်ခုကျော်တိုင် နက်ရှိုင်းသော နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ရုံမက ပိုမိုရှုပ်ထွေးသည့်ပြဿနာများကို ဖြစ်ပေါ်စေသည့်အတွက် ယင်းစနစ်ကို ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးမည် မဟုတ်ဘဲ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism) အခြေခံချဉ်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီ ကိုးခုက ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပါတီဥက္ကဋ္ဌနှင့် မတွေ့ဆုံပါက ပြေလည်ရေးလမ်းစ မရှိဟု ယုံကြည်ကြောင်း NLD - CWC ထုတ်ပြန်
စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာ၌ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည် မဟုတ်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ကိုင်းယူနစ် ကြားကာလဖွဲ့စည်းပုံ ဒုတိယမူကြမ်း ရေးဆွဲပြီးစီး
ပြည်ထောင်စုအစုအဖွဲ့၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အင်အားစုများ၏ အကြံပြုချက်များ၊ သုံးသပ်ချက်နှင့် ဆွေးနွေးချက်များအား လေ့လာသုံးသပ်ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (ပဲခူး) ဖွဲ့စည်း
စစ်အာဏာရှင်စနစ် ကျရှုံးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအပြင် အခြားကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (ပဲခူးတိုင်းဒေသကြီး) (Asho Chin National Federal Council – Bago Region) ကို ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွဲ့စည်းလိုက်သည်။
နှစ်သစ်ကူး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် NUG ထုတ်ပြန်
နွေဦးတော်လှန်ရေး၏အကျိုးစီးပွားအား ရှေးရှုခြင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုအား အလေးထားသည့်အနေဖြင့် အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၁၆၉ ဦးအား ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
TPCC နိုင်ငံရေးလမ်းပြမြေပုံ၌ ပါဝင်မည်ဟု တအာင်း (ပလောင်) အမျိုးသားပါတီ ကြေညာ
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်းနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) က ဦးဆောင်အကောင်အထည်ဖော်မည့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်မည်ဟု တအာင်း (ပလောင်) အမျိုးသားပါတီက ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ရွေးကောက်ပွဲအကြောင်းပြ လက်နက်ကိုင်ပို့နေသည့် ရုရှားအား NUCC ရှုတ်ချ
ရုရှားအစိုးရက အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဝန်ဆောင်မှုပေးရန် ရုရှားနိုင်ငံသားနှင့် ၎င်းတို့အား စောင့်ရှောက်ရန် အကြောင်းပြချက်ဖြင့် လက်နက်ကိုင်များကိုပါ မြန်မာပြည်တွင်း စေလွှတ်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
သေဒဏ်ပေးမှုနှင့် မသက်ဆိုင်ကြောင်း စလင်း ပအဖ ထုတ်ပြန်
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂုံညှင်းနွယ်ကျေးရွာတွင် ဖြစ်ပွားသည့် အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူ ဦးစဆိုသူအား သေဒဏ်ပေးသည့်ကိစ္စမှာ စလင်းမြို့နယ် လူသားစာနာတာဝန်ခံ Heineken ၏ တစ်ဦးတည်းသဘောဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၁ ရက်က မြို့နယ်ပအဖ တာဝန်ခံ နှင်းဆီအမည်ဖြင့် လူထုထံ အသိပေး ထုတ်ပြန်ထားသည်။
ကချင်အထူးဒေသ (၁) အား ဖျက်သိမ်းကြောင်း KIO ထုတ်ပြန်
စစ်အာဏာရှင်အစိုးရအဆက်ဆက် အာဏာတည်မြဲရေးအတွက် ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ်ထားမှုအား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။
ကရင်နီပြည် ကြားကာလ ကျန်းမာရေးမူဝါဒအား အတည်ပြု
ကရင်နီပြည်နယ်၌ ကျင့်သုံးမည့် ကြားကာလ ကျန်းမာရေးမူဝါဒအား ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ ကောင်စီ၏ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဆုံးဖြတ်ချက်အမှတ် (၁/၄၁) ဖြင့် အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာ ၁၉ ရက်တွင် ကောင်စီဥက္ကဋ္ဌလက်မှတ်ဖြင့် ထုတ်ပြန်လိုက်သည်။
ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းဟု အမည်ပြောင်း
စစ်ကိုင်းဖိုရမ်အင်အားစုများ အားလုံးတက်ရောက်သည့် စတုတ္ထအကြိမ်မြောက် ညီလာခံ၌ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း (Federationof Sagaing Forum) ဟု ပြောင်းလဲသတ်မှတ်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်အသိပေးလိုက်သည်။
NUG-K2C ပူးတွဲသတင်းစာရှင်းလင်းပွဲ အဓိကအချက်များ
မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။
တတိယအကြိမ် ပြည်သူ့ညီလာခံမှာ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ
ပြည်သူ့ညီလာခံဟူသည်မှာ တော်လှန်ရေးကာလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်းတစ်စောင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ရပ် ဖြစ်သည်။ တော်လှန်ရေးကာလတလျောက် ပြည်သူ့ညီလာခံကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့သည်။ ပဋိညာဉ်အရ ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ပြဌာန်းထားသော်လည်း (၂) နှစ်ကျော် ကြာပြီးမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ထပ်လောင်းအတည်ပြုထားသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံကို မကြာမီ ကျင်းပလာနိုင်ဖွယ် ရှိသည်။
စစ်ကိုင်း ကြားကာလဖွဲ့စည်းပုံ မူကြမ်းအား လွှတ်တော်သို့ တင်သွင်း
စစ်ကိုင်းဒေသအတွင်းရှိ နိုင်ငံရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မရှင်က မူကြမ်းအား တိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်ကြောင်း လွှတ်တော်က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
မန္တလေးကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်း
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအား အစုအဖွဲ့ ခြောက်ခုဖြင့် ဖွဲ့စည်းကြောင်း မန္တလေးတိုင်းလွှတ်တော်ကအောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
Town Hall Meeting မလုပ်နိုင်မှုအတွက် ပြည်သူများအား NUCC တောင်းပန်
ပြည်သူ့ညီလာခံ တစ်ခုနှင့် တစ်ခုအကြား ပြည်သူများ ပါဝင်သည့် သတင်းအချက်အလက် ဖလှယ်ခြင်း၊ မေးမြန်းဖြေကြားခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ရမည့် TownHall Meeting အစီအစဉ်အား နိုင်ငံရေးလုပ်ငန်းစဉ်များ၊ အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ အစီအစဉ်များ ပြုလုပ်နေရသည့်အတွက် မလုပ်ဆောင်နိုင်မှုအပေါ် မေတ္တာရပ်ခံတောင်းပန်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
မွန်လူငယ် (၁၁) ဖွဲ့၏ နိုင်ငံရေးဘုံသဘောတူညီချက် ထုတ်ပြန်
နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသည့် မွန်လူငယ်များ၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအား စက်တင်ဘာလအတွင်းက ပြုလုပ်ပြီးနောက် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အချက်လေးချက်ပါ ဘုံသဘောတူညီချက်အား စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်နယ်/လူမျိုးကောင်စီများ ပြည်ထောင်စုတည်ဆောက်ရေး သဘောထား
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) နှင့် ပတ်သက်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘောထားအား ပြည်နယ်အခြေပြု တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီရှစ်ခု၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
MNDAA ၏ နိုင်ငံတော်ဆိုင်ရာ ရပ်တည်ချက် ထုတ်ပြန်
စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ဘဲ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာ လုယူခြင်း၊ လွတ်လပ်ရေး ရယူပြီး နိုင်ငံတော်သစ် ထူထောင်ခြင်းများကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)(ကိုးကန့်) စစ်ရေးကော်မတီက"လတ်တလော နိုင်ငံတော်အခြေအနေနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ပြန်ခြင်း" အမည်ဖြင့် စက်တင်ဘာ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောထားအား စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ထုတ်ပြန်
စစ်ကိုင်းတိုင်း(ဖက်ဒရယ်ယူနစ်) အတွင်း နိုင်ငံ့အခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ ရပ်တည်၊ လည်ပတ်နိုင်ရေး၌ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသည့် အကြမ်းဖက်စစ်အုပ်စုနှင့် အကျိုးတူပူးပေါင်းနေခြင်းအား ရပ်တန့်ကာ စစ်ကိုင်းပြည်သူ့ဆန္ဒနှင့် အကျိုးစီးပွားကိုသာ အလေးထား၊ လက်တွဲလုပ်ကိုင်စေလိုကြောင်း စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့က သြဂုတ် ၃၁ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
ကရင်နီပြည်နယ် ကြားကာလလွှတ်တော် တစ်နှစ်ပြည့် အစီရင်ခံစာ
ကြားကာလ ဥပဒေပြုရေးကော်မတီအား ကရင်နီပြည်နယ် ကြားကာလလွှတ်တော် (Karenni State InterimParliament - KSPI) အဖြစ် ပြောင်းလဲရပ်တည် လည်ပတ်မှု တစ်နှစ်ပြည့်အစီရင်ခံစာအား သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
မွန်ပြည်အစိုးရ တည်ထောင်မည်ဟု ရာမညဖက်ဒရယ်အင်အားစု ထုတ်ပြန်
မွန်ပြည် ကိုယ်စားပြု တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများ အားလုံး နိုင်ငံရေးနှင့် စစ်ရေး၌ ပူးပေါင်းဆောင်ရွက်ကာ ဗဟာဗျူဟာကျ လှုပ်ရှား၍ မွန်ပြည်အစိုးရ တည်ထောင်မည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်တွင် ကျရောက်သည့် မွန်တော်လှန်ရေး (၇၇) နှစ်မြောက် အထိမ်းအမှတ် ထုတ်ပြန်ချက်မှ တဆင့် ရာမညဖက်ဒရယ်အင်အားစုသစ် (New Rehmonnya Federated Force- NRFF) က ထုတ်ပြန်ကြေညာလိုက်သည်။