သုတေသန · ဖြစ်စဉ်များ

ဘုတလင်သတ်ဖြတ်မှုများအား စစ်အုပ်စု ကျူးလွန်

NUG

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ အရပ်သားများအား ပစ်မှတ်ထား၍ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများသည် လူမျိုးအသီးသီး၏ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပေါ် လက်စားချေရန်အတွက် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် စစ်ရေးနည်းဗျူဟာသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (MOHR) က ထုတ်ပြန်သည့် ယင်းထုတ်ပြန်ချက်၌ စက်တင်ဘာ၃၀ ရက်က ဘုတလင်မြို့နယ်၊ စီပါကျေးရွာအနီး အကြမ်းဖက်စစ်အုပ်စု၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ကြောင်း ထိခိုက်မှုများခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက် (၁၇) ခုအား စီးနင်း၊ မီးရှို့၊ သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၄ ဦးထက် မနည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း၊ အောက်တိုဘာ ၁၇ ၇က် စီပါကျေးရွာတွင် အရပ်သားခြောက်ဦးအား ခန္ဓာကိုယ်များ အစိတ်စိတ်အပိုင်းပိုင်းဖြတ်ကာ နေအိမ်ခြံစည်းရိုးများ၌ ချိတ်ဆွဲထားမှုများ၊ ၆၀ထက်မနည်းသော အရပ်သားများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများသည် စစ်ရေးနည်းဗျူဟာ တစ်ရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်အုပ်စုအား၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ဆက်လက်ခွင့်ပြုနေပါက ပိုမိုဆိုးရွား ယုတ်မာသည့် စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူဝါဒ ကိုင်ဆွဲထားသည့် ယန္တရား ဆက်လက်သက်ဆိုးရှည်ရုံသာမက ပိုမိုအတင့်ရဲလာမည် ဖြစ်၍ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဦးတည် ကြိုးပမ်းဆောင်ရွက်ပေးကြရန် MOHR က တိုက်တွန်း တောင်းဆိုထားသည်။