တအာင်းပြည်ရှိ ပြည်သူများ ရေရှည်အကျိုးစီးပွားတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ယခင်အစိုးရအဆက်ဆက်က ထုတ်ပေးထားသည့် ခွင့်ပြုမိန့်၊ လိုင်စင်၊ အမိန့်စာများဖြင့် လည်ပတ်နေသည့် ပြည်နယ်တွင်း သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများအား အသိအမှတ်မပြုကြောင်းနှင့် ဆက်လက်လုပ်ကိုင်လိုပါက နိုဝင်ဘာ ၃၀ ရက်မတိုင်မီ ရယူလျှောက်ထားကြရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အထွေထွေအုပ်ချုပ်ရေးဌာန (ရုံးချုပ်) ကမေ ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
လုပ်ငန်းများကိုလည်း လက်ရှိတွင် ယာယီရပ်ဆိုင်းထားရမည်ဟု ညွှန်ကြားထားကာ သတ်မှတ်ထားသည့်ကာလအတွင်း ခွင့်ပြုချက်ရယူခြင်းမရှိသည့် လုပ်ငန်းများ၊ လုပ်ငန်းနှင့် ဆက်စပ်သည့် အဆောက်အအုံ၊ ပစ္စည်းများကိုလည်း တအာင်းပြည်သူပိုင်အဖြစ် သိမ်းယူမည့်အပြင် ဥပဒေအရလည်း အပြစ်ပေးအရေးယူမည်ဟု ထွေ/အုပ်ဌာနမှူး ဗိုလ်မှူးချုပ်တားဂူဇာရ် အမည်ဖြင့် ထုတ်ပြန်ထားသည်။