မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ

ဗမာအများစု ဒေသများ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများ (၁)

နိဒါန်း

“မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ” (မူကြမ်း) အား အခန်း(၁၂) ခန်းဖြင့် ရေးဆွဲပြီး ဖြစ်ကာ မကြာမီ အတည်ပြုတော့မည် ဖြစ်သည်။ ရေးဆွဲပြီး မူကြမ်းကို မန္တလေးဒေသ တော်လှန်ရေးအင်အားစုနှင့် ပြည်သူများ အပါအဝင် နိုင်ငံတဝန်းရှိ တော်လှန်သော နိုင်ငံရေးအင်အားစုများ သိရှိစေရန်နှင့် အကြံပြုချက်များ ပေးပို့နိုင်ရန်အတွက် တရားဝင်ထုတ် ပြန်ထားပြီဖြစ်ကာ ရရှိပြီးဖြစ်သော အကြံပြုချက်များကို အခြေခံ၍ မူကြမ်းအား ထပ်မံပြင်ဆင် ရေးဆွဲလျက်ရှိသည်။

ရေးဆွဲပြီး အစီအမံမူကြမ်း အခန်း (၁) မှ (၃) အထိသည် ရည်ရွယ်ချက်၊ စံတန်ဖိုး၊ အခြေခံမူများ ဖြစ်ကာ အခန်း(၄) သည် အခြေခံအခွင့်အရေး၊ ရပိုင်ခွင့်နှင့် တာဝန်များ ဖြစ်သည်။

အခန်း (၅) မှ (၁၀) အထိသည် မန္တလေးဒေသ စုဖွဲ့မှု၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ ဖြစ်ကာ အခန်း (၁၁) အစီအမံအား ပြင်ဆင်ခြင်းနှင့် အခန်း(၁၂) အထွေထွေပြဋ္ဌာန်းချက်များတို့ ဖြစ်သည်။

အစီအမံဖြစ်တည်မှု ရေခံမြေခံ

နွေဦးတော်လှန်ရေး၌ ကဏ္ဍပေါင်းစုံမှ စိုက်လိုက်မတ်တပ် ပါဝင်နေသည့် မန္တလေးဒေသအခြေပြု အင်အားစုများအကြား ပိုမိုကျယ်ပြန့်၍ အားလုံးပါဝင်သော အခင်းအကျင်းဖြစ်ရေး၊ တော်လှန်ရေး အောင်မြင်လျင်မြန်စွာ ပြီးဆုံးစေရေး လုပ်ငန်းစဉ်အား အထောက်အကူပြုရေး မျှော်ရည်ချက်ဖြင့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ကြားကာလအစီအမံ ဖော်ထုတ်ရေးလုပ်ငန်းစဉ်အား စတင်ဆွေးနွေးမှုများ ပြုလုပ်လာခဲ့သည်။ကိုင်စွဲကျင့်သုံးမည့် မူနှင့် လုပ်ငန်းစဉ်များအား ဆွေးနွေး၊ ရေးဆွဲရာ၌ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် (Federal Democracy Charter) ကို အခြေခံခဲ့သည်။

၂၀၂၃ ခုနှစ် သြဂုတ်လမှစကာ လွှတ်တော်၊ အရပ်ဘက်၊ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေးပါတီ၊ တော်လှန်သော ဒေသန္တရ အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများ၊ လူနည်းစုများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများအကြား ဆွေးနွေးတိုင်ပင်ပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်တွင်“မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှု ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်း အစီအစဉ်” ကို မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Hluttaw – CRMH) နှင့် တော်လှန်ရေးအင်အားစုများအကြား သဘောတူညီမှု ရရှိခဲ့သည်။ ယင်းမှတဆင့် လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ရေးအတွက် “မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ” အား ၂၀၂၄ ခုနှစ် သြဂုတ် ၈ရက်တွင် ဖွဲ့စည်းခဲ့သည်။

လုပ်ငန်းကော်မတီအား အစုအဖွဲ့ ခြောက်ခုမှ ကိုယ်စားပြုကိုယ်စားလှယ် ၄၀ ဦးဖြင့် စုဖွဲ့သည်။ အစုအဖွဲ့အားဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မန္တလေးဒေသမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ပြည်သူ့တော်လှန်ရေး၌ ပါဝင်နေသော နိုင်ငံရေးပါတီများ အစုအဖွဲ့၊ သပိတ် / CDM / သမဂ္ဂနှင့် အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်သော အစုအဖွဲ့တို့ ပါဝင်သည်။ သပိတ် / CDM / သမဂ္ဂ အစုအဖွဲ့၌ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGBTIQ ၊ ကျောင်းသားလူငယ် ရေးရာကဏ္ဍများလည်း ပါဝင်သည်။ လေးခုမြောက် အစုအဖွဲ့မှာ ဒေသန္တရ စီမံအုပ်ချုပ်ရေးရာ တော်လှန်ရေးကဏ္ဍများမှ တာဝန်ရှိသူများ အစုအဖွဲ့ ဖြစ်ကာ လူနည်းစု လူမျိုးများအစုအဖွဲ့၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့များ ဖြစ်သည်။

ဒေသန္တရ စီမံအုပ်ချုပ်ရေးရာတော်လှန်ရေးကဏ္ဍ ကိုယ်စားပြုသူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ပါဝင်သည်။ ထိုသို့ ပါဝင်စေခြင်းမှာ မြေပြင် ပကတိအခြေအနေအား အစီအမံရေးဆွဲသည့်အခါ ပါဝင်ဆွေးနွေးနိုင်ရေးအတွက် အဓိက ရည်ရွယ်ထည့်သွင်းခဲ့ကြခြင်း ဖြစ်သည်။ ယင်းအစုအဖွဲ့၌ လက်နက်ကိုင်ဆောင်ခွင့်ရှိသည့် ပြည်သူ့ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကိုသာ ကိုယ်စားပြုခြင်းမဟုတ်ဘဲ လူသားစာနာ၊ ဥပဒေရေးရာ၊ လူ့အခွင့်အရေး၊ ကလေး/သူငယ်စသည့် ကဏ္ဍများမှ ကိုယ်စားပြုမှုလည်း ပါဝင်သည်။

အစီအမံအတွက် ဆွေးနွေးမှု စတင်ခြင်းနှင့် ကော်မတီဖွဲ့စည်းမှုကြား တနှစ်နီးပါးခန့် ကြာမြင့်ခဲ့ကာ အားလုံးပါဝင်သော အခင်းအကျင်းဖြစ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုပေါင်းများစွာ ပြုလုပ်ခဲ့ရသည်။

ပါတီအစုအဖွဲ့တွင် လက်ရှိအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တို့သာ ပါဝင်သည်။ လူနည်းစု လူမျိုးစုအစုအဖွဲ့အား တိုင်းစုစုပေါင်းလူဦးရေ၏၀ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားချက်အရ ရှမ်းမှာ အစုအဖွဲ့၌ ပါဝင်ခွင့်ရှိသော်လည်း လတ်တလောတွင် ပါဝင်ခြင်းမရှိသေးသည့်ဘဲ ကချင်/လီဆူး ကိုယ်စားလှယ်များသာ ပါရှိသည်။

မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ

လုပ်ငန်းကော်မတီအား ဖွဲ့စည်းခြင်းမပြုမီ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးပလက်ဖောင်းသဖွယ်ဖြစ်နေသည့် “မန်းတိုင်းဆုံဆည်းရာ” က အခန်း (၅) ခန်းပါ “လုပ်ငန်းအစီအစဉ်” အား စတင်ရေးဆွဲခဲ့သည်။ အဆိုပါ စုဖွဲ့မှုသည် နွေဦးတော်လှန်ရေး အစောပိုင်းကာလကတည်းကပင် တော်လှန်ရေးအင်အားစုများအကြား လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် စတင်ခဲ့သည့် စုဖွဲ့မှုတခု ဖြစ်သည်။

လုပ်ငန်းအစီအစဉ်၌ လုပ်ငန်းကော်မတီ စုဖွဲ့မှုပုံစံ၊ လုပ်ငန်းစဉ်၊ အခြေခံ စည်းမျဉ်း စသည်တို့ကို ရေးဆွဲကာ CRMH က အစုအဖွဲ့ ခြောက်ခုဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း အတည်ပြုပြီးနောက် “မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ” အား ဖွဲ့စည်းခဲ့သည်။ ကော်မတီအောက်၌ “ချိတ်ဆက်ညှိနှိုင်းရေးဆပ်ကော်မတီ”၊ “မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ”၊ “ရုံးအဖွဲ့” ဟူ၍ ယန္တရားသုံးရပ်ဖြင့် လည်ပတ်သည်။

မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအတွင်း အစီအမံ၌ ပါဝင်သင့်၊ ပါဝင်ရမည့်အချက်များအား အလွတ်တန်းဆွေးနွေးမှုများဖြင့် စတင်ခဲ့ပြီးနောက်မှသာ မူကြမ်းကို စတင်ပြုစုခဲ့ကြခြင်း ဖြစ်သည်။ လုပ်ငန်းကော်မတီသည် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများဖြင့် စုဖွဲ့ထားသော နိုင်ငံရေးပလက်ဖောင်းဖြစ်သော မန်းတိုင်းဆုံဆည်းရာနှင့် လွှတ်တော်အား တလလျှင် တကြိမ်၊ လူထုအား နှစ်လလျှင် တကြိမ်၊ ရေးသားပြီး အစီအမံမူကြမ်းအား အကြုံပြုချက်များ ရယူနိုင်ရန် အခန်းအလိုက် ထုတ်ပြန်၍ အစီရင်ခံခြင်းတို့ ပြုလုပ်ခဲ့သည်။ တဖက်တွင်လည်း ချိတ်ဆက်ညှိနှိုင်းရေး ဆပ်ကော်မတီက တော်လှန်ရေး၌ ပါဝင်နေသည့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)၊ NUG၊ ဒေသအခြေပြု ဖက်ဒရယ်ယူနစ်၊ ကောင်စီ၊ အဖွဲ့အစည်း ၁၆ ဖွဲ့နှင့် တွေ့ဆုံကာ ရေးဆွဲပြီးမူကြမ်းအပေါ် ပြန်လည်သုံးသပ်မှု၊ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

တွေ့ဆုံမှုများမှ ရရှိလာသည့် အကြံပြုချက်များအား ဒေသအတွက် လတ်တလော မကိုက်ညီသေးသည့်အချက်များ၊ ဖက်ဒရယ်ပြည်ထောင်စုအဆင့်နှင့်ဆုံးဖြတ်ရမည့် ကိစ္စများရှိရာ ယင်းအချက်များအား ပြင်ဆင်နိုင်ရေးအတွက် မူကြမ်း၌ “ကြားကာလ နိုင်ငံရေးအစီအမံကို ပြင်ဆင်ခြင်း” အခန်းအား ကြိုတင်ထည့်သွင်း ရေးဆွဲထားသည်။

ကာလသတ်မှတ်ချက်

ကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းသည် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် (FDC) အား အခြေခံထား၍ ယခုကာလအား “ကြားကာလ”ဟု သတ်မှတ်သည်။ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျမည့် ကာလအား “အသွင်ကူးပြောင်းရေးကာလ”၊ တည်ငြိမ်အေးချမ်းသည့်အချိန်အား “တော်လှန်ရေးအလွန်ကာလ” ဟု သတ်မှတ်ထားသည်။

လူထုသဘောထားတောင်းခံခြင်း

“မန်းတိုင်းဆုံဆည်းရာ” သည် အာဏာသိမ်းပြီးကာလ မန္တလေးဒေသအတွင်း လူထုသပိတ်များ အားကောင်းခဲ့စဉ်ကတည်းက စုစည်းထားသည့် စုဖွဲ့မှု ပလက်ဖောင်းတခုသဖွယ် ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုက လူထုသပိတ်များအား သေသည်အထိ ပစ်ခတ်၍ ဖြိုခွင်းသည့်အတွက် သပိတ်များ အားနည်းခဲ့သော်လည်း မန်းတိုင်းဆုံဆည်းရာ၌ ပါဝင်သူများမှာ အွန်လိုင်းမှတဆင့် လစဉ်မပြတ် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံမှုများအတွင်း မန္တလေးဒေသနှင့် ပတ်သက်သည့် စစ်ရေး၊ နိုင်ငံရေးကိစ္စများအား အဓိကထား ဆွေးနွေးခဲ့ကာ ဆွေးနွေးမှုများကိုလည်း သက်ဆိုင်ရာ ကွန်ရက်များမှ တဆင့် ဖြန့်ဝေခြင်း၊ မန္တလေးလူထုထံ ချပြခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် မူကြမ်းရေးဆွဲရေး လုပ်ငန်းအစီအစဉ်အား “မန်းတိုင်းဆုံဆည်းရာ” ၌ ပဏာမ အတည်ပြုပြီးနောက် CRMH က လွှတ်တော်လုပ်ထုံးလုပ်နည်းဖြင့် အတည်ပြုပေးကြောင်း လူထုထံ အစီရင်ခံခဲ့သည်။ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအဖြစ် ဖွဲ့စည်းလုပ်ကိုင်သည့်အခါတွင်လည်း ကော်မတီ၏ အပတ်စဉ် လုပ်ငန်းစဉ်၊ ဆွေးနွေးထားချက်များကိုလည်း လူထုထံ ချပြခဲ့သည်။ တဖက်တွင်လည်း လူထုထံမှ အကြံပြုချက်များ၊ ဆွေးနွေးလိုချက်များအား အွန်လိုင်းအခြေပြု Telegram, Facebook, Signal, email စသည့် ချန်နယ်ပေါင်းစုံမှ ရယူကာ မူကြမ်းရေးဆွဲမှုလုပ်ငန်းစဉ်များ၌ ထည့်သွင်း အသုံးပြုခဲ့သည်။ ထို့ပြင် မူကြမ်းကို သပိတ်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများက မြေပြင်ကွင်းဆင်း၍ ရှင်းလင်းမှုများ လုပ်ဆောင်သည့်အပြင် ယင်းမှ ရရှိလာသည့် အကြံပြု၊ ဆွေးနွေးချက်များကိုလည်း မူကြမ်း၏ သင့်တော်ရာ အခန်းများ၌ ပြန်လည်ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။ ရေးဆွဲပြီး မူကြမ်းများကို ပြီးစီးသမျှ အခန်းအလိုက် လူထုထံ တင်ပြခဲ့ကာ ထပ်မံရှိသည့် အကြံပြု၊ ဆွေးနွေးချက်များကို မူကြမ်း၌ ထည့်သွင်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ပိုမိုအားကောင်းသည့်စုဖွဲ့မှု ဖြစ်ရေး (သို့)စင်္ကြံ

လက်ရှိအထိ ရေးဆွဲပြီး အစီအမံ (မူကြမ်း) ၌ ပေါင်းစပ်ညှိနှိုင်းမှု ပိုမိုအားကောင်းရေးအတွက် အခန်း (၅) “မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းရေးစင်္ကြံ” အား ဖွဲ့စည်းမည်ဟု ထည့်သွင်း ရေးဆွဲထားသည်။ စင်္ကြံသည် ကြားကာလအစီအမံ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာ၌ အထောက်အပံ့ဖြစ်စေရေးအတွက် ဖွဲ့စည်းသည်ဟု ပါရှိကာ မန်းတိုင်းဆုံဆည်းရာ စုဖွဲ့ထားမှုအပေါ် အခြေခံ၍ တော်လှန်ရေးကဏ္ဍ အသီးသီးမှ ကိုယ်စားပြုသူ ၁၃၀ ဦးခန့် ပါဝင်မည် ဖြစ်သည်။

စင်္ကြံ၌ လုပ်ငန်းတာဝန် ငါးရပ် ရှိသည်။ စုပေါင်းခေါင်းဆောင်မှုကို အခြေခံသော မန္တလေးဒေသ တော်လှန်ရေးအင်အားစုများအားလုံး လွှမ်းခြုံနိုင်သော နိုင်ငံရေးဆုံရပ်တခုအဖြစ် ဖော်ဆောင်ခြင်း၊ အစီအမံ မူကြမ်းအား ပဏာမအဆင့် အတည်ပြုခြင်း၊ ကြားကာလအစီအမံပါ ပြဋ္ဌာန်းချက်နှင့်အညီ တော်လှန်ရေး၏ လိုအပ်ချက်အရ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံပြင်ဆင်ချက်များကို ပဏာမအဆင့် အတည်ပြုခြင်း၊ မန္တလေးဒေသ တော်လှန်ရေး /ဥပဒေပြုရေး/ အုပ်ချုပ်ရေး/ တရားစီရင်ရေးလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း အကြံပြုတိုက်တွန်းခြင်း၊ မန္တလေးဒေသ မဏ္ဍိုင်သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ၏တင်ပြချက်နှင့် လုပ်ဆောင်ချက်များကို သုံးသပ်ဝေဖန် အကြံပြုတိုက်တွန်းခြင်းများ လုပ်ဆောင်ရန် စင်္ကြံ၌ တာဝန်ရှိသည်။

စင်္ကြံသည် ညီလာခံ အသွင်ဖြစ်ကာ အစီအမံအရ ဖြစ်ပေါ်လာမည့် မဏ္ဍိုင်သုံးရပ်အပေါ် လွှမ်းမိုးခြင်းနှင့် နွေဦးတော်လှန်ရေးအရ ဖြစ်တည်လာသည့်တော်လှန်သော အစုအဖွဲ့များအား ပစ်ပယ်ခြင်း ဆိုသည့် အစွန်းတရားနှစ်ဖက်အား ရှောင်ကြဉ်၍ အလျားလိုက်ပုံစံဖြင့် ထိန်းကြောင်းသွားမည့်ပုံစံဖြင့် စုဖွဲ့ခြင်းလည်း ဖြစ်သည်။

စင်္ကြံ ဖွဲ့စည်းရာ၌ မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ စုဖွဲ့သည့်ပုံစံ (၆) ဖွဲ့ အခြေခံမဟုတ်ဘဲ (၇) ဖွဲ့ ပုံစံဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။ ကော်မတီပါ မူလအစုအဖွဲ့ ခြောက်ခုအပြင် “ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက တာဝန်ပေးအပ်သော မန္တလေးဒေသဆိုင်ရာ ကိုယ်စားလှယ်များ” အစုအဖွဲ့ဟူ၍ အသစ် ပါဝင်လာမည် ဖြစ်သည်။ ရှိရင်းစွဲ အစုအဖွဲ့ ခြောက်ခုသည် မန္တလေးဒေသအား အဓိက ကိုယ်စားပြုသည့်ပုံစံ ဖြစ်ကာ အစီအမံအရ မဏ္ဍိုင်သုံးရပ် ပေါ်ပေါက်လာပါက ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ် ချိတ်ဆက်မှုအဖြစ် NUG အစိုးရ၏ အမြင်သဘောထားများအား ပါဝင်စေခြင်းဖြင့် မြေပြင်လုပ်ငန်းများ ဖော်ဆောင်ရာ၌ ပိုမိုအထောက်အပြုမည်ဆိုသည့် စဉ်းစားချက်ဖြင့် အစုအဖွဲ့သစ် ထပ်တိုးထားခြင်းပင် ဖြစ်သည်။ NUG ၏ အုပ်ချုပ်ရေးနှင့် စစ်ရေးယန္တရားအချို့မှာ မြေပြင် မြို့နယ်နှင့် ခရိုင်အဆင့်အထိ ရှိနေပြီးဖြစ်သည့်အတွက်လည်း လုပ်ငန်းများလုပ်ဆောင်ရာ ပိုမိုတွင်ကျယ်စေရေးကို ရည်ရွယ်သည်။

အမျိုးသမီးပါဝင်မှုကို မြှင့်တင်ခြင်း

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ၌ ဂျန်ဒါတန်းတူရေး (Gender Equality) နှင့် ခွဲခြားဆက်ဆံမှု မရှိခြင်း(Non Discrimination) အား စံတန်ဖိုးအဖြစ် သတ်မှတ်ကာ စုဖွဲ့မှုအဆင့်တိုင်း၌လည်း လက်တွေ့ကျင့်သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အစုအဖွဲ့ခြောက်စု ကိုယ်စားပြု လုပ်ငန်းကော်မတီ ဖွဲ့စည်းစဉ်က အမျိုးသမီးပါဝင်မှုနှုန်းမှာ ၂၃ ရာခိုင်နှုန်းအထိ ပါဝင်ကာ“ဒေသန္တရ စီမံအုပ်ချုပ်မှုရေးရာကဏ္ဍ” အစုအဖွဲ့၏ ၃၂ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြသည်။ သို့သော် အစုအဖွဲ့အစုံတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပြည့်မီရေးမှာ စိန်ခေါ်မှုရှိနေဆဲ ဖြစ်သည်။

မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ(MIGC)

“မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီ” (Mandalay Interim Governing Council - MIGC) အား ကောင်စီဝင် ဦးရေ အနည်းဆုံး (၉) ဦးမှ အများဆုံး (၁၅) ဦးဖြင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကောင်စီဝင်ဟူ၍ ဖွဲ့စည်းရမည်ဟု အစီအမံ (မူကြမ်း) က သတ်မှတ်ထားသည်။ ကောင်စီဝင် ရွေးချယ်မှုအတွက် “စင်္ကြံ” မှ အဖွဲ့ဝင် (၁၁) ဦးမှ (၁၅) ဦးအထိ ပါဝင်သော “ကောင်စီဝင် ရွေးချယ်စိစစ်ရေးအဖွဲ့” အား ဦးစွာ ဖွဲ့စည်းရမည် ဖြစ်ကာ ရွေးချယ်ရေးအဖွဲ့ဝင်များကိုလည်း လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းစဉ်က ရှိခဲ့သည့် အစုအဖွဲ့ ခြောက်ခုမှ စေလွှတ်သော ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရမည်ဟု အစီအမံ၌ ဖော်ပြထားသည်။

ရွေးချယ်ရေးအဖွဲ့သည် ရွေးချယ်ထားသော ကောင်စီဝင် အမည်စာရင်းနှင့် ကိုယ်ရေးမှတ်တမ်း အပြည့်အစုံ အား စတင်ဖွဲ့စည်းသည့်ရက်မှ လေးပတ်အတွင်း မန္တလေးဒေသလွှတ်တော်သို့ ပေးပို့ရမည်ဖြစ်ကာ “မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC)” အဖြစ် လွှတ်တော်က အတည်ပြု ဖွဲ့စည်းပေးရမည်။ MIGC ဖွဲ့စည်းရာ၌ ကောင်စီဝင်များအားလုံးသည် မန္တလေးဒေသနှင့် ဆက်စပ် တော်လှန်ရေးနယ်မြေများတွင် အမှန်တကယ် အခြေချနေထိုင်ကာ တာဝန်ထမ်းဆောင်နိုင်သူများ ဖြစ်ရမည်ဟုလည်း ကန့်သတ်ထားသည်။ ကောင်စီဥက္ကဋ္ဌသည် ကောင်စီတွင်း ညှိနှိုင်းသဘောတူညီမှုဖြင့် ကောင်စီဝင်များအနက်မှ သင့်တော်သူများအား ဌာနမှူးတာဝန် ပေးအပ်ခွင့် ရှိသည်။

ကောင်စီသည် “မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းရေးစင်္ကြံ” မှ ဆွေးနွေး ရရှိသော အကြံပြုမှုများကို အလေးထားဆောင်ရွက်ရမည်ဟု ပါရှိကာ အစီအမံ ပြဋ္ဌာန်းချက်နှင့်အညီအုပ်ချုပ်ရေး တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။ ထို့အတူ ကောင်စီအနေဖြင့် မန္တလေးဒေသလွှတ်တော်က ပြဌာန်းသော ဥပဒေများကို လေးစား၊ လိုက်နာရမည် ဖြစ်သည်။

ကောင်စီသည် ကောင်စီဝင်များ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် သတ်မှတ်ခြင်း၊ နုတ်ထွက်ခြင်း၊ လစ်လပ်ခြင်း၊ အစားထိုးခြင်း၊ အယုံအကြည်မရှိ အဆို တင်သွင်းခြင်း၊ စွပ်စွဲပြစ်တင်ခြင်း အပါအဝင် ကောင်စီလုပ်ငန်းတာဝန်များ စနစ်တကျ လည်ပတ်ဆောင်ရွက်နိုင်ရန်အတွက် ကောင်စီဖွဲ့ပြီး ခြောက်လအတွင်း “မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဆိုင်ရာ ဥပဒေကြမ်း” အား လွှတ်တော်သို့ ပေးပို့ရမည်ဟု အစီအမံ၌ ထည့်သွင်းရေးဆွဲထားသည်။ ကောင်စီသက်တမ်းသည် ကြားကာလ (သို့မဟုတ်) တော်လှန်ရေးကာလ ပြီးမြောက်သည်အထိ ဖြစ်သည်ဟု ဖော်ပြထားကာ ကောင်စီဖွဲ့ပြီး နှစ်နှစ်အတွင်း ကြားကာလ မပြီးမြောက်ပါက ကောင်စီအသစ် ပြန်လည်ဖွဲ့စည်းရမည် ဖြစ်သည်။

ကောင်စီနှင့် မန္တလေးဒေသ စာရင်းစစ်ချုပ်တို့အား ကြားကာလ နိုင်ငံရေးအစီအမံပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်းတို့အတွက် မန္တလေးဒေသလွှတ်တော် ကိုယ်စားလှယ်၏ အနည်းဆုံး၂၀ ရာခိုင်နှုန်းက သဘောတူလက်မှတ်ရေးထိုး၍ လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ကာ လွှတ်တော် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့် ရှိသည်။

အစီအမံအရဖြစ်တည်လာမည့် မန္တလေးဒေသလွှတ်တော်

မဏ္ဍိုင်သုံးရပ်တွင် ပါဝင်သည့် ဥပဒေပြုလွှတ်တော်အား ၂၀၂၀ ရွေးကောက်ခံ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ စုဖွဲ့မည်ဖြစ်ကာ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မည် မဟုတ်ပေ။ သို့သော် အဆိုပါ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ်များသည် စင်္ကြံဖွဲ့စည်းမှု၌မူ ပါဝင်နိုင်မည် ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု

အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်အဆင့်နှင့် အခြားဒေသများအကြားချိတ်ဆက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးအပြင် အခွန်အခ ကောက်ယူခြင်းများအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုပါ လုပ်ဆောင်ရမည့် လုပ်ငန်းများအဖြစ် ထည့်သွင်းထားသည်။

ပူးပေါင်းဆောင်ရွက်ရန် ကဏ္ဍများအဖြစ် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူသားစာနာဆိုင်ရာ အကူအညီပေးရေး ကဏ္ဍများ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန် ကူညီထောက်ပံ့ခြင်း၊ အထောက်အကူပြုခြင်းများကို လုပ်ဆောင်မည်ဟု အစီအမံ (မူကြမ်း) ၌ ဖော်ပြထားသည်။

စစ်ရေးကဏ္ဍ မပါဝင်ခြင်း

လုပ်ငန်းကော်မတီ စုဖွဲ့မှု၌ လက်နက်ကိုင်ခွင့်ရှိသည့် ဒေသန္တရ အုပ်ချုပ်မှုရေးရာ တော်လှန်ရေးကဏ္ဍများမှ တာဝန်ရှိသူများ အစုအဖွဲ့ ပါဝင်သော်လည်း “မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ” (မူကြမ်း) ၌ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများကိုသာ ထည့်သွင်းထားကာ စစ်ရေးဆိုင်ရာပြဋ္ဌာန်းချက်များ မပါရှိခြင်းမှာ ထူးခြားသည်။ စစ်ရေးဆိုင်ရာ ကိစ္စရပ်များအား အစီအမံ (မူကြမ်း) မှ ဖြစ်တည်လာမည့် “မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ” (Mandalay Interim Governing Council - MIGC) အနေဖြင့် စစ်ရေးပိုင်းဆိုင်ရာ အလုံးစုံ စီမံခန့်ခွဲခွင့်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား လွှဲအပ်ထားမည် ဖြစ်ကာ ပိုမိုအားကောင်းစေရန်သာ ကူညီဆောင်ရွက်မည် ဖြစ်သည်။

စစ်ရေးကဏ္ဍဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းမှုများ မရှိသော်လည်း မန္တလေးဒေသ လုံခြုံရေးအတွက် MIGC လက်အောက်၌ ရဲတပ်ဖွဲ့လုပ်ငန်းစဉ်များ ရှိမည် ဖြစ်သည်။

အခန်း (၈) “ကြားကာလ တရားစီရင်ရေး” အခန်း၌ “စစ်ဘက်ဆိုင်ရာ တရားရုံး”ဟူ၍ ထည့်သွင်းထားသည်။ ပုဒ်မနှစ်ခု ပါဝင်သည့် ယင်းပြဌာန်းချက်၌ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ တရားစီရင်ရေးအား သီးခြားစီ ထားရှိမည်ဖြစ်ကာ အမှုအခင်းသည် အရပ်ဘက်နှင့် ဆက်စပ်ပါက ကြားကာလအစီအမံအရ ဖွဲ့စည်းထားသည့် အရပ်ဘက်တရားရုံး၌သာ စစ်ဆေး၊ စီရင်ရမည် ဖြစ်ပြီး မည်သည့်အရပ်သားကိုမှ စစ်ဘက်ဆိုင်ရာ တရားရုံးဖြင့် တရားစီရင်ခြင်း မပြုရဟု ဖော်ပြထားသည်။

အသွင်ကူးပြောင်းရေးကာလ

“မန္တလေးဒေသ အသွင်ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကော်မရှင်”ကို ကြားကာလအတွင်း မန္တလေးဒေသလွှတ်တော်က မူလလုပ်ငန်းကော်မတီတွင် ပါဝင်သည့် အစုအဖွဲ့ (၆) စုမှကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။

ကြားကာလအစီအမံကိုဘယ်သူတွေ ဘယ်လိုပြင်နိုင်လဲ

လုပ်ငန်းကော်မတီက ရေးဆွဲထားသည့် လက်ရှိ “ကြားကာလ အစီအမံ” မူကြမ်းသည် လက်ရှိအချိန်အထိ အကြံပြုချက်များ ရယူပြီးနောက် ပြန်လည်ပြင်ဆင် ဖြည့်စွက်နေဆဲဖြစ်သည်။ နိုင်ငံရေးအရ ယခင်ရှိရင်းစွဲ တိုင်းနှင့် ပြည်နယ် (၁၄)ခု ပုံစံအား ပြန်လည်အသက်သွင်းခြင်းဖြစ်သည်ဟု ဝေဖန်မှုများရှိသော်လည်း တော်လှန်ရေးကာလ လက်ရှိ လိုအပ်ချက်အရ ဖြစ်တည်လာရခြင်း ဖြစ်ကာ အသေဆုပ်ကိုင်ထားမည် မဟုတ်သည့် မူကြမ်းသာ ဖြစ်သည်။

အစီအမံအား ပြင်ဆင်လိုပါက မန္တလေးဒေသလွှတ်တော် ကိုယ်စားလှယ်များ၊ MIGC ၊ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ၊ မန္တလေးဒေသ ပြည်သူလူထုက လုပ်ထုံးလုပ်နည်းနှင့်အညီ မန္တလေးဒေသ လွှတ်တော်သို့ ပေးပို့ခွင့် ရှိသည်။

လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ အနည်းဆုံး သုံးပုံ တပုံက သဘောတူပါက အစီအမံပြင်ဆင်ချက်မူကြမ်းအား စင်္ကြံသို့ ပေးပို့ရမည်။ စင်္ကြံသို့ တက်ရောက်သူ ကိုယ်စားလှယ် အနည်းဆုံး (၆၅) ရာခိုင်နှုန်း သဘောတူလက်ခံပါက ပဏာမအဆင့် အတည်ပြုရမည်ကာ လွှတ်တော်သို့ ပေးပို့ရမည်။ မူကြမ်းအား လွှတ်တော်က လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုပြီးပါက MIGC ဥက္ကဋ္ဌသို့ ပေးပို့၍ အစီအမံ ပြင်ဆင်ချက်အား အများပြည်သူ သိရှိစေရန် (၇) ရက်အတွင်း လက်မှတ်ထိုး ထုတ်ပြန် ကြေညာရမည် ဖြစ်သည်။

အစီအမံမူကြမ်းအတည်ပြုခြင်း

လက်ရှိတွင် အစီအမံ (မူကြမ်း) အား ၂၀၂၅ ခုနှစ် ဧပြီ ၂၉ ရက်မှ မေ ၂၃ရက်အထိ ပြုလုပ်ခဲ့သော လုပ်ငန်းကော်မတီ၏ အစည်းအဝေး၌ ပြန်လည်သုံးသပ် ပြင်ဆင်မှုများ လုပ်ဆောင်ပြီးဖြစ်ကာ ထပ်မံ ပြန်လည်သုံး သပ် ပြင်ဆင်မှုများကိုလည်း ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

လုပ်ငန်းကော်မတီ၌ ပါဝင်သူများ၏ အဆိုအရ ယခု စက်တင်ဘာလအတွင်း အစီအမံ(မူကြမ်း) အား အတည်ပြုနိုင်ရေး မျှော်မှန်းထားလျက် ရှိသည်။

နိဂုံး

မန္တလေးဒေသ အခြေပြုသည့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို မကြာမီ မြင်တွေ့ကြရတော့မည် ဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်တလျောက် အများပြည်သူ ပါဝင်နိုင်မှုကို ထည့်သွင်းကြိုးပမ်းခဲ့ခြင်း၊ မတူညီသည့် အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်နိုင်ခြင်းများကလည်း မန္တလေးအခြေပြု ဖြစ်စဉ်၏ ထူးခြားချက်များဟု ဆိုနိုင်မည် ဖြစ်သည်။ သို့သော် မကြာမီ အတည်ပြုရန် ရည်ရွယ်ထားသည့် မူကြမ်းတွင် အကြောင်းအရာအားဖြင့် ဆွေးနွေးရမည့် အချက်များ၊ လစ်ဟာမှုများ ရှိနိုင်ပါသေးသည်။ မန္တလေးဒေသမှ ပြည်သူများနှင့် ဖက်ဒရယ်အရေး စိတ်ပါဝင်စားသူများအကြား ဆွေးနွေးသင့်သော၊ စောင့်ကြည့်သင့်သော ဖြစ်စဉ်တခုဖြစ်သည်ကား သေချာပါသည်။

ရင်းမြစ်များ

၁။ Anti-junta Forces Coordination Committee - Mandalay

၂။ 20250526_MDY_ Interrim_ Political_ Arrangement_ Version_ II.pdf

၃။ ပြည်သူသို့ တင်ပြခြင်း (၄) pdf.pdf

၄။ Process of MDY Interim Arrangements.pdf

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.