မန္တလေးဒေသတွင် လက်ရှိ တော်လှန်ရေးကာလ (ကြားကာလ) အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကြားကာလ နိုင်ငံရေးအစီအမံ (Interim Political Arrangement) တစ်ရပ် ပြင်ဆင်ဖော်ထုတ်ရေး လုပ်ငန်းစဉ်အားမန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
လုပ်ငန်းစဉ်များ၌ အခန်း (၅) ခန်း ပါဝင်ကာ စံတန်ဖိုး၊ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ အလုပ်တာဝန်၊ အတည်ပြုခြင်းနှင့် အထွေထွေတို့ ပါဝင်ကာ မန္တလေးဒေသဆိုသည်မှာ ယခင် အခေါ်အဝေါ်အားဖြင့်မန္တလေးတိုင်းဒေသကြီး နယ်မြေဒေသများကို ဆိုလိုသည်။
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို လွှတ်တော်အစုအဖွဲ့ (၁၂) ဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ တစ်ပါတီလျှင် (၂) ဦးစီ၊ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မန္တလေးဒေသအတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကဏ္ဍ အစုအဖွဲ့မှ (၄)ဦး၊ လူနည်းစု လူမျိုးစု အစုအဖွဲ့မှတစ်စုလျှင် (၂) ဦးစီ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့မှ(၄) ဦး၊ လူထုသပိတ်အဖွဲ့အစည်း /CDM / အရပ်ဖက်အဖွဲ့အစည်း/အလုပ်သမား/ လယ်သမား/ အမျိုးသမီး/ မသန်စွမ်း/ LGBTIQ / ကျောင်းသား/လူငယ်ရေးရာ အစုအဖွဲ့မှ (၁၅) ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။
လုပ်ငန်းစဉ်ထွက်ပေါ်ရေးအတွက် CRMH နှင့် တော်လှန်ရေးအင်အားစုများအကြား တစ်နှစ်တာအတွင်း စုံညီအစည်းအဝေး ၂၃ ကြိမ်၊ ခရိုင်အလိုက်အစည်းအဝေး ၁၀ ကြိမ်နှင့် မြေပြင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ထုတ်ပြန်ခြင်းလည်းဖြစ်သည်။