၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့သွားပြီ ဖြစ်ကာ မိမိတို့ မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အရေးပါသည့် နိုင်ငံရေးရပ်တည်ချက်အားမွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)- New Mon State Party – AD က ဧပြီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံရေး ပန်းတိုင်အဖြစ် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံသော ပြည်နယ်များ(ဖက်ဒရယ်ယူနစ်) များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း မွန်ပြည်ကို တည်ဆောက်မည်ဟု ချမှတ်ထားကာ "ပြည်ထောင်စု၏စံတန်ဖိုး"၊"ဦးတည်ချက်"၊"နိုင်ငံရေးရပ်တည်ချက်"၊"လုပ်ငန်းစဉ်များ(လမ်းပြမြေပုံ)”များကိုလည်း ထုတ်ပြန်ချက်၌ ကဏ္ဍတစ်ခုစီခွဲ၍ ဖော်ပြထားသည်။
NMSP - AD သည် NCA စာချုပ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှုမှန်သမျှနှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းမည့် ကြိုးပမ်းမှုမှန်သမျှအား လက်မခံဘဲ ဆန့်ကျင်သွားမည်ဖြစ်ကာ အနာဂတ်နိုင်ငံရေး၌ စစ်တပ်ပါဝင်ခွင့် မရှိစေရဟု ထုတ်ပြန်ထားသည်။