ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ထိန်းချုပ်ထားသည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များ အပါအဝင် တအာင်းပြည်အတွင်း စစ်အုပ်စုလက်အောက်၌ ပုံစံအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော Non-CDM ဝန်ထမ်းအားလုံးအား လက်ရှိအချိန်မှစ၍ မည်သည့်တာဝန်မှ မရှိတော့ဘဲ လုပ်ငန်းတာဝန်များအားလုံး ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မေ ၁၅ ရက်တွင် PSLF က ထုတ်ပြန်လိုက်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီက “တအာင်းပြည်တွင်းရှိ Non-CDMများအပေါ်ထုတ်ပြန်ရှင်းလင်းချက်"အမည်ဖြင့် ကြေညာသည့် ထုတ်ပြန်ချက်၌ တအာင်းပြည်အတွင်း ဆက်လက်နေထိုင်နေသည့် Non-CDM များအနေဖြင့် စစ်အုပ်စုထံမှ လစာ/ငွေကြေး ထုတ်ယူခြင်း၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းအစီရင်ခံစာများ ပေးပို့ခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့ပြင် သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non-CDM များကို အပြစ်ပေး အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေးအရေးယူခြင်းများနှင့် သတ်မှတ်သည့် စီမံချက်အရ အပြစ်ပေး အရေးယူခြင်းများ ပြုလုပ်သွားမည်ဟု ပါရှိသည်။
PSLF သည် ၁၀:၂၇ စစ်ဆင်ရေး စတင်သည့်ကာလမှ ယနေ့အချိန်အထိ ယင်းမြို့များ အပါအဝင် PSLF အုပ်ချုပ်ရေးနယ်မြေများအတွင်း သက်ဆိုင်ရာ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းကာ စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုလက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟုလည်း ကော်မတီ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။