၁၀ :၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူထားသည့် မြို့ ခုနစ်မြို့ အပါအဝင် တပ်ဦးအခြေစိုက်သည့် နယ်မြေဒေသများ၌ လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်ရေး ၂၀၂၅ နှစ်သစ်တွင် ကြိုးပမ်းဆောင်ရွက်မည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ၏ နှစ်ပတ်လည် အစည်းအဝေး ထုတ်ပြန်ချက် ၂/၂၀၂၄ တွင် ဖော်ပြထားသည်။
PSLF ၏နှစ်ပတ်လည် အစည်းအဝေးအား ဗဟိုနှင့် အရံကော်မဝင်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရှိ/အရာခံများနှင့် ဖိတ်ကြားထားသည့် မိဘပြည်သူ ၁၈၅ ဦးဖြင့် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ ပြုလုပ်ပြီးနောက် ထုတ်ပြန်ခြင်း ဖြစ်သည်။ PSLF သည် ထိန်းချုပ်နယ်မြေများအတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးကိစ္စများအား ပိုမိုတိုးတက်စေရန် ဦးဆောင်စီမံအုပ်ချုပ်မည်ဟုလည်း နှစ်ပတ်လည်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့ပြင် တအာင်းဒေသအတွင်း အခြားလူမျိုးအဖွဲ့အစည်းများက အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ အခွန်ကောက်ခြင်း၊လူထုစီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းမပြုနိုင်စေရန်လည်း ကာကွယ်သွားမည်ဟု ပါရှိသည်။