၂၀၂၃ ခုနှစ်၊ မေလ ၁၃-၁၅ ရက်အတွင်း ကျင်းပခဲ့သော ပထမအကြိမ် သျှမ်းလူငယ်ညီလာခံတွင် သျှမ်းကျောင်းသား သမဂ္ဂမှ တင်သွင်းသည့် မူဝါဒ အကြံပြုစာတမ်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ အဆိုပါ မူဝါဒ အကြံပြုစာတမ်းတွင် အဖွဲ့အစည်းမိတ်ဆက်၊ နောက်ခံ အကြောင်းအရာ၊ ပညာရေး၊ နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော အကြံပြုလိုသော မူဝါဒများနှင့် အဆိုပြုချက်များပါဝင်သော အခန်းကဏ္ဍများ၊ သီးခြားအကြံပြုချက်များနှင့် အနှစ်ချုပ်တို့ ပါဝင်သည်။
အဖွဲ့အစည်းမိတ်ဆက်ရာတွင် သျှမ်းကျောင်းသား သမဂ္ဂကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အပါအဝင် အဆိုပါ သမဂ္ဂ၏ မူဝါဒများ၊ လှုပ်ရှားမှုများကို ထည့်သွင်း ဖော်ပြခဲ့သည်။
ပညာရေး အခန်းကဏ္ဍတွင် သျှမ်းပညာရေး အခြေအနေ၊ အခြေခံပညာရေး၊ အဆင့်မြင့် ပညာရေး အခြေအနေ၊ အကြံပေးလိုသည့် မူဝါဒများနှင့် အဆိုပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။ နိုင်ငံရေး အခန်းကဏ္ဍတွင် သျှမ်းနိုင်ငံရေး အခြေအနေ၊ သျှမ်းနိုင်ငံရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ ဖက်ဒရယ်သျှမ်းပြည်နှင့် သျှမ်းအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ဒေသများ အတွက် အနာဂတ်နှင့် ကြားကာလဆိုင်ရာ မူဝါဒအကြံပေးချက်များနှင့် အဆိုပြုချက်များ ပါဝင်ပါသည်။ တော်လှန်ရေး အခန်းကဏ္ဍတွင် သျှမ်းတော်လှန်ရေး အခြေအနေ၊ အကြံပြုလိုသော တော်လှန်ရေးဆိုင်ရာ မူဝါများ၊ နှင့်အဆိုပြုချက်များ ပါဝင်သည်။
သီးခြားအဆိုပြုချက်များတွင် သယံဇာတ တူးဖော်မှုမူဝါဒနှင့် ဒေသခံများ၏ ရပိုင်ခွင့်ကို လေးစားလိုက်နာရန်၊ CDM /NON-CDM ၀န်ထမ်းများကို နိုင်ငံရေး၊ တော်လှန်ရေး၊ ပညာရေး ကဏ္ဍအသီးသီးတွင် ပါဝင်ကူညီလာစေရန် လက်တွဲခေါ်ဆောင်သင့်ကြောင်း စသည့် အချက်တို့ ပါဝင်သည်။