မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဉီး (ABSDF) သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံက ပေါ်ပေါက်လာခဲ့ပါသည်။ ABSDF ကို ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
ABSDF ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် ဦးတည်ချက်မှာ (က) တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ (ခ) ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ရရှိရေး၊ (ဂ) ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး နှင့် (ဃ) ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးတို့ပင် ဖြစ်ပါသည်။
(၁၁) ကြိမ်မြောက် ABSDF ညီလာခံတွင် (၁) ရဲဘော်သံခဲ (ဥက္ကဌ)၊ (၂) ရဲဘော်မျိုးဝင်း (ဒု-ဥက္ကဌ)(၃) ရဲဘော်ဆန်နီ (အထွေထွေအတွင်းရေးမှူး)(၄) ရဲဘော်မြင့်ဟိန်း (တွဲဖက်အထွေထွေအတွင်းရေးမှူး -၁)(၅) ရဲဘော်လှဌေး (တွဲဖက် အထွေထွေအတွင်းရေးမှူး-၂) စသည့် ခေါင်းဆောင်များအပါအဝင် ဗဟိုကော်မတီဝင် ၂၅ ဦး ကို ရွေးချယ်ခဲ့သည်။[i]
ABSDF ၏ ဌာနချုပ်မှာ KNU ထိန်းချုပ်ဧရိယာတွင် ရှိပြီး KIA နှင့် KNU ထိန်းချုပ်ဒေသများတွင် လှုပ်ရှားပါသည်။ ABSDF သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တခြားသော လက်နက်ကိုင် အဖွဲ့များနှင့် အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အတူတကွ လက်မှတ် ထိုးခဲ့သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်တပ်အာဏာသိမ်းသည့် နေ့မှ စပြီး စစ်တပ်ကို ဆန့်ကျင်တော်လှန်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
စစ်ကောင်စီမှ ဦးဆောင်ကျင်းပခဲ့သည် NCA (၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တွေ့ဆုံပွဲတွင် ABSDF မှ ဦးမင်းဇော်တက်ရောက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် “NCA ၆ နှစ်ပြည့် နှစ်ပတ်လည်း အခမ်းအနားသို့ တက်ရောက်ခြင်းသည် ဗဟိုကော်မတီ၏ သဘောထား မဟုတ်ကြောင်း” အချက်များပါသည့် ထုတ်ပြန်ချက် ကို ABSDF မှ ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီမှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုကိုလည်း ၂၀၂၂ ခုနှစ်၊ မေလ ၈ ရက်နေ့ ရက်စွဲဖြင့် အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးအဖြေရှာရန် ပြည့်စုံလုံလောက်သော အခင်းအကျင်းမရှိသည့်အတွက် တတ်ရောက်နိုင်မည် မဟုတ်ပါ ဟူ၍ ထုတ်ပြန်ခဲ့သည်။ စစ်အာဏာရှင် ဆန့်ကျင်သည့် အခြားသော အစုအဖွဲ့ အဖွဲ့အစည်းများဖြစ်သည့် NUG, CRPH, KNU, KNPP, CNF, NLD, KNU တို့နှင့်လည်း စစ်အာဏာရှင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု လုပ်ရပ်များကို ဆန့်ကျင့်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပူးတွဲ ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်သည့် တပ်ဖွဲ့များနှင့်လည်း ပူးပေါင်းတိုက်ထုတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ABSDF၊ အမှတ် ၁၂ တပ်ရင်း သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်။ ထို့ပြင် ABSDF ၏ တရားဝင် ဝက်ဘ်ဆိုဒ်တွင် “ယနေ့ မြန်မာနိုင်ငံရင်ဆိုင်နေရသည့် အထွေထွေအကြပ်အတည်းနှင့် တိုင်းရင်းသား ပြည်သူများအားလုံး ခံစားနေရသည့် ဘေးဒုက္ခအားလုံး၏ အခြေခံပြဿနာသည် စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီကြောင့်သာ ဖြစ်သည် ၎င်းပြဿနာကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူ ရပ်တည်ဖြေရှင်း သွားမည်” ဟူ၍ ဖော်ပြထားသည်။
ABSDF သည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်လည်း ပါဝင်ပါသည်။
References
1. https://burmese.monnews.org/2021/10/16/nca-%E1%81%86-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%B7-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%90%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA-%E1%80%A1/
2. https://absdf.org/the-absdf-in-brief/
3. https://m.facebook.com/story.php?story_fbid=pfbid02f95kRy6xsZqS2HU3UiyJTXfB6QGNSJVHyPWdsjWk3GXE6eVkPs3dBn2rtBDK831xl&id=112910301041374&mibextid=CDWPTG[i]
4. https://news-eleven.com/uncategorized/83451