အဖွဲ့အစည်းများ

မြန်မာအမျိုးသား အမှန်တရားနှင့်တရားမျှတမှုပါတီ

MNTJPလူမျိုး/ပြည်နယ် အဖွဲ့အစည်း

ကိုးကန့်အမျိုးသား ခေါင်းဆောင် ဖုန်ကြားရှင် ဦးဆောင်ပြီး MNDAA ကို ၁၉၈၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဌာနချုပ်မှာ ဟုန်အိုင်တော်ငကြော၊ ကုန်းကြမ်းမြို့နယ်တွေ ရှိပြီး လှုပ်ရှားဒေသများမှာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်၊ မုံးကိုး၊ ကွမ်းလုံ၊ ကွတ်ခိုင်နှင့် လားရှိုး စသည့် ဒေသများတွင် ဖြစ်သည်။  တပ်မဟာ ၂၁၁၊​ တပ်မဟာ ၃၁၁၊ တပ်မဟာ ၅၁၁ နှင့် တပ်မဟာ ၆၁၁ ဟူ၍​ တပ်မဟာ လေးခု ရှိသည်။ ခန့်မှန်းအင်အားမှာ ၇၀၀၀ နှင့် အထက်ရှိသည်။ ဦးဖုန်ကြားရှင် လက်ထက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတအစိုးရ) နှင့် အပစ်အခတ်ရပ်စဲရာ ကိုးကန့်ဒေသကို ရှမ်းပြည်နယ် အထူးဒေသ (၁) အဖြစ် သတ်မှတ်ပေး ခဲ့ပြီး ဒေသ၏ အစိုးရတရပ်ထူထောင်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် မြန်မာ့တပ်မတော်မှ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးသည်ကို လက်မခံခဲ့သောကြောင့် ဤသည်ကို အကြောင်းပြပြီး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

၂၀၁၅ ခုနှစ် NCA ရေးထိုးရာတွင် ပါဝင်လက်မှတ်ထိုးရန် အစိုးရနှင့်တပ်၏ ငြင်းပယ်မှုခံခဲ့ရသည်။ တရုတ်၏ ကြားဝင်မှုဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် အစိုးရနှင့်တပ်က ဆွေးနွေးရန် သဘောတူသည်။ ၂၀၁၉ ခုနှစ်အတွင်း KIA/AA/TNLA တို့နှင့်အတူ အစိုးရနှင့်ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရခဲ့ပေ။ ၂၀၂၀ မှစ၍ တွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းနေသည်။

လက်ရှိအချိန်တွင် ဥက္ကဋ္ဌ/စစ်ဦးစီးချုပ်အဖြစ် ဖုန်တာရွှင်မှ ဦးဆောင်နေပြီး၊ ဒုတိယစစ်သေနာပတိချပ်မှာ ယန်ဝင်းရှန်၊ အတွင်းရေးမှူးမှာ ဖုန်အားဒီ (ခ) ဦးထွန်းမြတ်လင်း နှင့် ပြင်ပဆက်ဆံရေးတာဝန်ခံမှာ ဖုန်းဝင်းနိုင် တို့ပင်ဖြစ်သည်။MNDAA အနေဖြင့် ၎င်းတို့ခေတ္တစွန့်ခွာခဲ့သော မူလဘူတ ကိုးကန့်နယ်မြေကို MNTJP/MNDAA လက်ထဲသို့ အလုံးစုံပြန်လည်ရရှိရေး၊ ကိုးကန့်အဖွဲ့အစည်း၏ စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်များ ကို အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ဘဝတူညီနောင်မဟာမိတ်များ နှင့် လက်တွဲ၍လည်းကောင်း၊ နွေဦးတော်လှန်ရေးထဲမှပေါက်ဖွားလာသော စစ်အာဏာရှင် စနစ် အား တိုက်ထုတ် နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ ဘုံရည်မှန်းချက်တူညီပြီး စုပေါင်းလုပ်ဆောင်၍ ရသော အဖွဲ့အစည်းများ၊ ပြည်သူ့ယုံကြည်မှု၊ ထောက်ခံမှုရရှိထားသော အဖွဲ့အစည်းများနှင့် လည်းကောင်း ဟန်ချက်ညီတိုက်ပွဲဝင်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့်လူထုကို စစ်တပ်အနေနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခြင်းကြောင့် ၂၀၂၁ ခုနှစ် မတ်လမှစ၍ အပစ်အခတ်ရပ်စဲမှုကို ရုပ်သိမ်းခဲ့သည်။ ၂၀၂၁ ခုနှစ်မှစ၍ မုံးကိုးဒေသတွင် MNDAA သည် အုပ်ချုပ်ရေးယန္တရားများကိုပါ ထူထောင်မည်ဖြစ်ကြောင်း KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လထံ စာတစောင်ပေးပို့ခဲ့ပြီး မြေပြင်တွင်လည်း အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ စစ်ကောင်စီသည် အထူးဒေသ(၁) မုံးကိုးခရိုင် ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်MNDAA(ကိုးကန့်)၏ မန်ရန်တပ်စခန်းကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

MNTJP  သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(FPNC – Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သည်။ နိုင်ငံခြားရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ပန်ခမ်းမြို့၌ ကျင်းပခဲ့သော FPNCC လုပ်ငန်းအစည်းအဝေး ထုတ်ပြန်ချက်တွင် မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍ မိမိတို့နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆပြီး အဆိုပါအယူအဆကို မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုပြီး အကောင်အထည်ဖော်သွားရမည်ဟူသည့် အကြောင်းအရာများပါဝင်သည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။