NUG ကာကွယ်ရေးအတွင်းဝန် ရာထူးက အနားယူ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးနိုင်ထူးအောင်မှာ ဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့်တာဝန်များအားလုံးမှ အနားယူလိုက်ပြီးဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ရေးသားလိုက်သည်။
ဝန်ကြီးဌာနတာဝန်များမှ အနားယူသော်လည်း "တော်လှန်ရေးမှ လုံးဝ အနားမယူကြောင်းနှင့် ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ကြောင်း၊ တာဝန်ယူခဲ့စဉ်အတွင်း ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဉ် ဆောင်ရွက်ခဲ့သောကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်" ဟုလည်း ဉီးနိုင်ထူးအောင်က ရေးသားထားသည်။ ၎င်းသည် NUG –MoD ဖွဲ့စည်းစဉ်ကတည်းကအဆိုပါ ရာထူး၌ စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၌ လည်းပါဝင်သူ ဖြစ်သည်။ အမြဲတမ်းအတွင်းဝန် အနားယူမှုနှင့် ပတ်သက်၍ NUG ဘက်ကမူ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။