အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ကျင်းပခြင်း လုပ်ဆောင်သွားမည်ဟု အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့- EAOs ခုနစ်ဖွဲ့က မတ် ၁၈ ရက်တွင် ထုတ်ပြန်သည်။
အဖွဲ့ခုနစ်ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ မတ် ၁၇ – ၁၈ ရက်တွင် ပြုလုပ်ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic ArmedOrganization Alliance – 7 EAO Alliance) ကိုလည်း စုံညီစည်းဝေးပွဲ၌ ဖွဲ့စည်းသည်။
နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ်လိုက်၍ 7 EAO Alliance က နိုင်ငံရေးသဘောထားများကိုလည်း ချမှတ်ခဲ့ကာ ယင်းအား အကောင်အထည်ဖော်ရန်အတွက် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် နိုင်အောင်မင်းတို့အားဦးဆောင်စေကာ ဦးဆောင်အဖွဲ့ ဖွဲ့စည်း၊ တာဝန်ပေးထားသည်။