နွေဦးတော်လှန်ရေးတွင် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး” ကို ကြွေးကြော်လာခဲ့သည်နှင့်အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးမှုများမှာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းကပင် ရှိခဲ့ကြသည်။ စစ်အာဏာရှင်လက်ထက် အငြင်းပွားဖွယ် အတည်ပြု ပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တော်လှန်ရေးအင်အားစုများက လက်မခံပဲ ဆန့်ကျင်ခဲ့ကြသလို၊ တော်လှန်ရေးအဖွဲ့အစည်းများကလည်း အဆိုပါ အခြေခံဥပဒေသည် ပျက်ပြယ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး ဖြစ်သည်။ တော်လှန်ရေးကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်တရပ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) ကို ထုတ်ပြန် ကျင့်သုံးခဲ့ကြသည်။ အဆိုပါ ပဋိညာဉ်တွင်လည်း လမ်းပြမြေပုံများ ချမှတ်ခဲ့ရာတွင် တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို တော်လှန်ရေးကာလအတွင်းထဲမှာပင် ရေးဆွဲရန်လည်း လမ်းပြမြေပုံအဆင့်တခုအဖြစ် အပါအဝင် ဖြစ်ခဲ့သည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး လုပ်ငန်းအဖွဲ့ (TCWG) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် Kachin Political Interim Coordination Team (KPICT) တို့ ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် NLD အနေဖြင့်ပါဝင်မှု မရှိတော့ပေ။ ထိုဖွဲ့စည်းမှုနောက်ပိုင်းတွင် လုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ထုတ်ပြန်ခြင်း မရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်းတွင် လူတွေ့နှင့် အွန်လိုင်းအစည်းအဝေးများ ကျင်းပခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ မေလတွင် NUCC က ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ဖြင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ (AFTA) ရေးသားမှုကို တရားဝင် စတင် အသိပေးခဲ့ခြင်း ဖြစ်သည်။
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမှသည် AFTA အဖြစ် ပြောင်းလဲလာခဲ့ခြင်းကို ခြေရာခံမည်ဆိုပါက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသောအဖွဲ့များ” က ဘုံသဘောထားရပ်တည်ချက်ကို ပြန်လည် ကောက်ယူရန် လိုအပ်မည် ဖြစ်သည်။ အဆိုပါ ရပ်တည်ချက်ကို ထုတ်ပြန်သည့် အဖွဲ့အစည်းများမှာ ချင်းအမျိုးသားတပ်ဦး (Chin National Front - CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party - KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU)၊ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government of Myanmar – NUG) တို့ ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဦးတည်ချက် ခြောက်ရပ်ပါရှိပြီး နိုင်ငံရေးမှ မြန်မာစစ်တပ် ပါဝင်နေမှု အဆုံးသတ်ရေး၊ လက်နက်ကိုင်တပ်များအား အရပ်သားအစိုးရအောက် ထားရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးတိုင်ဖျက်သိမ်းကာ ပြန်လည်အသက်သွင်းမှုမှန်သမျှ တိုက်ဖျက်ရေး၊ သက်ဆိုင်သူအားလုံး လက်ခံသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရေးနှင့် ယင်းမှတဆင့် ပြည်ထောင်စုအသစ် တည်ဆောက်ရေး၊ ပဋိပက္ခများအတွင်း မတရားကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ရရှိရေးတို့ ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းခြင်းကိုလည်း လုပ်ငန်းစဉ်ခွဲတစ်ခုအဖြစ် ထည့်သွင်းထားခြင်း ဖြစ်သည်။
KNU ၊ KNPP ၊ CNF နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး)(NMSP - AD) ၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC) ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်တွင် ထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့ပြီး AFTA ရေးဆွဲနေခြင်းကို အသိပေးခဲ့သည်။
AFTA သည် အသွင်ကူးပြောင်းရေးကာလအတွက် ရေးဆွဲခြင်း လုပ်ငန်းစဉ်ဖြစ်ကာ Bottom-up Federalism အတွက် ကနဦးခြေလှမ်း ဖြစ်ကြောင်း တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးအခြေပြု ဖက်ဒရယ်ကောင်စီ ကိုးဖွဲ့၏ပြောခွင့်ရသူ နန်းမို့မို့က Burma News International – BNI သတင်းဌာနနှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း၌ ထုတ်ဖော်ပြောဆိုထားသည်။
AFTA သည် အသွင်ကူးပြောင်းရေးကာလအတွက်သာ ဖြစ်ကာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးပါက အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊ ၎င်းကို ကိုင်စွဲ၍ ဖက်ဒရယ်ဖွဲ့စည်းပုံကို ရေးဆွဲသွားမည်ဖြစ်ကြောင်း သူမက ရှင်းပြထားသည်။
အခြားသော နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ AFTA သည် ပြည်ထောင်စုအဆင့်အတွက် ရည်ရွယ်ကာ ပြည်နယ်များအလိုက် ရေးဆွဲနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ကွဲပြားသော်လည်း ဆန့်ကျင်မှု မရှိဘဲ ချိတ်ဆက်မည်ဖြစ်ကြောင်း၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ AFTA ၌ ထည့်သွင်းရန် သဘောတူထားကာ အသေးစိပ်အား ဆွေးနွေးနေဆဲဖြစ်သည်။
ထုတ်ပြန်ချက်၌ ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသော ပြည်နယ်များဖြင့် စုဖွဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုကို တစိုက်မတ်မတ် ကြိုးပမ်းနေကာ နိုင်ငံရေးအရ ဦးတည်ချက် (၆) ရပ်၊ ရပ်တည်ချက် (၉) ရပ်နှင့် လုပ်ငန်းစဉ် (၆) ရပ် ပါရှိသော ဘုံသဘောထားရပ်တည်ချက်၌ နောက်ဆက်တွဲ ထောက်ခံပါဝင်ခြင်းနှင့် ပိုမိုကျယ်ပြန့်သော အဖွဲ့များ ပါဝင်လာရေး ဆောင်ရွက်နေကြောင်း၊ ဗဟိုချုပ်ကိုင်မှုစနစ်(Centralization) ကို ပြန်လည်အားကောင်းစေမည့် “Holding Together” ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးမည်မဟုတ်ဘဲ “ပြည်နယ် အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး” (Bottom-up Federalism Approach) ကို အခြေခံကာ ပြည်ထောင်စုအား လက်တွေ့တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး လုပ်ငန်းအဖွဲ့ (TCWG) တွင် ပါဝင်နေသည့် NUG အနေဖြင့် AFTA နှင့် ပတ်သက်၍ NUG အစိုးရအဖွဲ့ ၉/၂၀၂၅ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုင်းဒေသကြီး၊ ဖက်ဒရယ်ယူနစ်များသည် အစိုးရ ပေါ်ပေါ်က်လာနိုင်ရေး အားစိုက်နေကြကာ အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ရေးသည် အသွင်ကူးပြောင်းရေးကာလအတွက် အရေးတကြီး ဦးစားပေး လုပ်ရမည့်လုပ်ငန်း ဖြစ်ကြောင်း၊ တော်လှန်ရေး ဦးဆောင်အဖွဲ့များ ပြင်ဆင်နေသည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာလုပ်ငန်းစဉ်အား တွန်းတွန်းတိုက်တိုက် သွားနိုင်ဖို့ လိုကြောင်း၊ ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ် ဟန်ချက်ညီညီ အချိတ်အဆက်မိမိ သွားနိုင်ရေး အရေးကြီးသည့်အတွက် အစိုးရတာဝန်ရှိသူများအနေဖြင့် AFTA လုပ်ငန်းစဉ်ပါ ပါဝင်နေသည့် အဖွဲ့များအား တိုက်တွန်းပြောကြားစေလိုကြောင်း တိုက်တွန်းခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်တွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအလုပ်အဖွဲ့ (TCWG) နှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ (AFTA) ရေးဆွဲရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်၌ AFTA ရေးဆွဲရေးလုပ်ငန်းစဉ်များကို ယခုကဲ့သို့ ဖော်ပြထားသည်။
AFTA အတည်ပြုမည့်ပုံစံ
Myanmar Now သတင်းဌာနက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ဖော်ပြသည့် “ခြေလှမ်းသွက်လာသည့်ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံ” ဆောင်းပါး၌ AFTA ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၌ အတည်ပြုပြီးပါက Pre-Federal Conference (ဖက်ဒရယ်ညီလာခံ) တစ်ခု ပြုလုပ်ကာ ၎င်းညီလာခံ၌ လက်ရှိ နိုင်ငံရေးအစုအဖွဲ့အားလုံး ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးသူများကိုလည်း ဖိတ်ခေါ်မည်ဖြစ်ကြောင်း ထုတ်ဖော်ရေးသားထားသည်။
ညီလာခံမှ ထွက်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေးနှင့် ဖက်ဒရယ်ယူနစ် အစီအမံဆိုင်ရာ သဘောတူညီချက်များကို ဖက်ဒရယ်ညီလာခံက အတည်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါ ညီလာခံမှတဆင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲမတိုင်မီ NUG အစိုးရကို ပြုပြင်ပြောင်းလဲကာ စုံလင်အားကောင်းသော ကြားကာလ အသွင်ကူးပြောင်းရေးအစိုးရ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့နောက် အသွင်ကူး ပြောင်းရေးအစိုးရသည် နွေဦးတော်လှန်ရေး၏ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် သဘောဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြု ပြဋ္ဌာန်းပေးရမည်ဖြစ်ကာ ဒီမိုကရေစီနည်းလမ်းအရ တက်လာသော ဖက်ဒရယ်အစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရများသို့ အာဏာလွှဲပြောင်းပေးရမည်ဖြစ်ကြောင်းလည်း ဆောင်းပါး၌ ထည့်သွင်းဖော်ပြခဲ့သည်။ သို့သော် တရားဝင် ထုတ်ပြန်မှု မရှိသေးပေ။
AFTA လုပ်ငန်းစဉ်သည် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြန်လည် အသက်ဝင်လာခဲ့ပုံရပြီး ၂၀၂၅ ခုနှစ်တွင် အဓိက ပင်မရေစီး တော်လှန်ရေးအင်အားစုများ၏ ဆုံမှတ်တခု ဖြစ်လာသည်ကို တွေ့ရှိရသည်။ ထို့အတူ စစ်အုပ်စုကကျင်းပရန် ရည်ရွယ်နေသည့် ရွေးကေောက်ပွဲ မတိုင်မီကာလအတွင်း နိုင်ငံရေးလမ်းကြောင်းတခုအဖြစ်ရော၊ အနာဂတ် နိုင်ငံတည်ဆောက်ရေး မျှော်မြင်ချက်တခုအဖြစ် လူထုနှင့် နိုင်ငံတကာကို တင်ပြနိုင်ရန် ပင်မရေစီးအင်အားစုများက မျှော်လင့်နေသည်ဟု ဆိုနိုင်သည်။ မူကြမ်းကိုမူ ယခုအထိ ထုတ်ပြန်ခြင်း မရှိသေးသလို၊ လူထုပါဝင် ဆွေးနွေးနိုင်မှုရှိပါမှ ခိုင်မာအားကောင်းသည့် မူကြမ်းဖြစ်နိုင်မည် ဖြစ်သည့်အတွက် ၎င်းကို မည်သို့ ဖော်ဆောင်မည်ကိုလည်း ဆက်လက်စောင့်ကြည့်လေ့လာရန် လိုအပ်မည် ဖြစ်သည်။