မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးခင်အောင်မြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် ငါးဦးအား လွတ်ငြိမ်းခွင့်နှင့် ကြီးကြပ်ရေးဘုတ်အဖွဲ့ တင်ပြမှု၊ လူသားချင်း စာနာထောက်ထားမှုကို ဦတည်၍ မေ ၈ ရက်တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မေ ၉ ရက်တွင် အမိန့်အမှတ် ၀၉/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။
လွတ်ငြိမ်းခွင့် ပေးခံရသူငါးဦးမှာ ဦးခင်အောင်မြင့်၊ ဒေါ်သီတာ၊ ဒေါ်လှလေးမြင့်၊ ဒေါ်ယဉ်ယဉ်လှိုင်၊ ဒေါ်မို့မို့ထွန်းတို့ ဖြစ်ကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က လွိုင်ကော်မြို့တွင် တိုက်ပွဲစဖြစ်ကတည်းက ၎င်းတို့အား IEC က ခေါ်ထုတ် ထိန်းသိမ်းကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) ဖြင့်တရားစွဲဆိုပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် အပြီးသတ် အမိန့် ချမှတ်ထားခြင်း ဖြစ်သည်။
၎င်းတို့နှင့်အတူ ခေါ်ထုတ် ထိန်းသိမ်းထားသည့် Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင် စုစုပေါင်း ၁၉၃ ဦးကိုမူ "Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့" ဖွဲ့စည်းကာ စုံစမ်းမှုများ ပြုလုပ်ပြီးနောက် "အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်"၊ "ကျောင်း/ရုံးနှင့်လည်း အဆက်အသွယ် မပြုလုပ်ရန်"၊ "ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်သွားရန်" စသည့် ကတိခံဝန်ချက်များအား လက်မှတ်ရေးထိုးစေပြီးနောက်၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် နယ်နှင်ဒဏ်ပေးခဲ့ပြီး ဖြစ်သည်။