KTLA၊ ကော်သူးလေအစိုးရကြေညာမှုနှင့် ကော်သူးလေအုပ်ချုပ်ရေး

နွေဦးတော်လှန်ရေးကာလတွင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းအသစ်တစ်ရပ်အဖြစ် ပေါ်ထွက် လာခဲ့သော ကော်သူးလေတပ်မတော် (KTLA) ကို ဖွဲ့စည်းခဲ့သည့် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက သမ္မတအဖြစ် ဦးဆောင်ပါဝင်သော ကော်သူးလေ အစိုးရဖွဲ့စည်းမှုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဗိုလ်မြ၏ သားတဦးဖြစ်ပြီး၊ KNU ၏ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်သော ကရင့်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်းတဦး ဖြစ်သည်။ KNU လက်အောက်တွင် လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ရှိပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင့်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) တို့ဖြစ်သည်။

ကော်သူးလေတပ်မတော် (KTLA) ဖွဲ့စည်းခြင်း

ဒူးပလာယာခရိုင်၊ ဖလူး-ဝေါ်လေဒေသတွင် ဖြစ်ပေါ်ခဲ့သော ဥပဒေပြင်ပ သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အမှုအတွက် ပြုလုပ်သည့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် KNU အနေဖြင့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြအား တာဝန်မှ ယာယီရပ်ဆိုင်း ထားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ဖမ်းဆီးရမိသည့် သုံ့ပန်း ၄၇ ဦးအနက် ၂၅ ဦးကို စစ်အုပ်စု၏ ထောက်လှမ်းရေးအဖြစ် စွတ်စွဲသတ်ဖြတ်မှုနှင့် ပတ်သက်သည့်အမှုဖြစ်သည်။  လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မတီ၏ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပူးပေါင်းပါဝင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် တာဝန်နှင့် ရာထူးမှ လုံးဝရပ်ဆိုင်းခဲ့သည်။ လစ်လပ်သွားသည့် KNDOစစ်ဦးစီးချုပ်နေရာအား ဗိုလ်မှူးကြီး စောရှီးလေအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် KNU က ခန့်အပ်ခဲ့သည်။ ယင်းနောက် နှစ်ရက်အကြာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကော်သူးလေတပ်မတော် (KTLA) ဖွဲ့စည်းကြောင်း  ဗိုလ်မှူးချုပ် စောနယ်ဒါးမြက စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ KTLA တွင် Lion Battalion Commando၊ ဆင်ဖြူစစ်ကြောင်း၊ တပ်မဟာ (၄) မှ ခွဲထွက်ခဲ့သည့် အထူးတပ်ရင်းတို့အပြင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့မှ ခွဲထွက်လာသော တပ်ဖွဲ့ဝင်အချို့ ပါဝင်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် KNU အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးပြုလုပ်ပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြအား KNU မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်။ တနေ့တည်းမှာပင် KNLA နှင့် KNDO တို့အနေဖြင့် KTLA ဖွဲ့စည်းမှုသည် တပ်မှူးများ၏ အရေးပေါ် အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း ဖော်ပြပြီး “လုံးဝလက်ခံ အသိအမှတ် ပြုမည်မဟုတ်” ဟုတ် ထုတ်ပြန်ခဲ့သည်။

ကော်သူးလေတပ်မတော်သည် KNU လက်မှတ်ရေးထိုးထားခဲ့သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ လွှမ်းမိုးချုပ်နှောင်မှုမရှိသော တပ်ဖွဲ့ဖြစ်ပြီး၊ စစ်အုပ်စုကို တော်လှန်နေသော ကရင့်တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကNCA စာချုပ်သည်  အနှစ်သာရအားဖြင့် ပျက်ဆီးပြီးဖြစ်သဖြင့် KNU အနေဖြင့် ၎င်းစာချုပ်နှင့် လုံးဝပတ်သက်ခြင်းမရှိတော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

KNLA တပ်မဟာ (၄) (မြိတ်-ထားဝယ်ခရိုင်) နှင့် တပ်မဟာ (၇) (ဘားအံခရိုင်) တို့အနေဖြင့် KTLA အနေဖြင့် ၎င်းတို့နယ်မြေများအတွင်း လှုပ်ရှားခြင်းမပြုရန်၊ KTLA သို့ သွားရောက်ပူးပေါင်းခဲ့သော စစ်သည်များ မိခင်အဖွဲ့အစည်းများနှင့် ပြန်လည်ပူးပေါင်းရန် ထုတ်ပြန်မှုများရှိခဲ့သလို၊ အပြန်အလှန် ထိတွေ့ဖြစ်ခတ်မှုအချို့လည်း ဖြစ်ပွားခဲ့ပြီး၊ နှစ်ဘက် သေဆုံးမှုများ လည်း ရှိခဲ့သည်။

KTLA သည် မြေပြင်တွင် အခြားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုတပ်ဖွဲ့များကို ပူးပေါင်းတိုက်ခိုက်မှုများရှိနေပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် တနင်္သာရီမြို့နယ်အခြေစိုက်သည့် ကော်သူးလေတပ်မတော် (KTLA)-ထီးစမယ်ယွာတပ်ရင်း၊ တပ်ခွဲ(၃)၊ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းနှင့် People Liberation Army (PLA) တို့ မဟာမိတ်တပ်ဖွဲ့ သုံးခုပေါင်းကာ တောင်းပိုင်ညီနောင်တပ်ပေါင်းစု (Southern Brothers Army - SBA) ကို ဖွဲ့စည်းထားသည်။

ကော်သူးလေအစိုးရဖွဲ့စည်းကြောင်းကြေညာခြင်း

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် KTLA မှ ကော်သူးလေ တပ်မတော်၊ နိုင်ငံရေးခံယူချက် ထုတ်ပြန်စာတမ်းနှင့် ဆက်စပ်နောက်ခံသမိုင်းကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် “အဓိကပန်းတိုင်များနှင့် အခြေခံမူများကို ဖော်ပြသည့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေး ကြေငြာစာတမ်း (Political Manifesto-PM)” ကို ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် လက်ခံကျင့်သုံးလျက် ကော်သူးလေ အစိုးရ ဖွဲ့စည်းပုံ နှင့် အရာရှိများကို ဖော်ပြထားသည့်သည့် ကော်သူးလေအစိုးရဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့သည်။ အစိုးရအဖွဲ့တွင် စောနယ်ဘိုဒါးမြက သမ္မတအဖြစ် ပါဝင်သည်။

အခုလိုဖွဲ့စည်းမှုသည် ကော်သူးလေ ဖက်ဒရယ်ယူနစ်အစိုးရ ဖွဲ့စည်းမည်ဟု KNU က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့တာဖြစ်သည်။ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီးနောက်မှာ KNU အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်တစ်ခုကို တည်ထောင်မည်ဖြစ်ကြောင်း လည်း ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

KNU အနေဖြင့် အုပ်ချုပ်ရေးကို အစိုးရတစ်ရပ်ကဲ့သို့ ပြည်စုံနိုင်ရေးအတွက် ဌာနအားလုံးနှင့် ကော်မတီအားလုံးက အပြင်းအထန် ကြိုးပမ်း အကောင်အထည်ဖော်နေသည့်အချိန်တွင် KNU က ဆောင်ရွက်နေသည့် အရာများအားလုံးကို လုပ်နေသယောင်ဖြင့်၊ နာမည်တူ ကော်သူးလေ အစိုးရ ဖွဲ့စည်းသည့်အတွက် အမြင်လွှဲမှားမှုများ ဖြစ်ပေါ်စေကြောင်း၊ မကြာခင်ပျောက်ကွယ်သွားမည့် “နေ့ခင်းဖက်အိပ်မက်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ KNU တွင် နိုင်ငံခြားရေးဌာန၊ ကာကွယ်ရေးဌာန အပါအဝင် ဌာန ၁၄ ခုရှိသည်။

ပုံ။ အဓိကကျသော အဖြစ်အပျက်များ၏ အချိန်ဇယား။

KNU မှ ကရင်အဖွဲ့အစည်းအချို့ ခွဲထွက်ခဲ့ခြင်းမှာ ဤအဖြစ်အပျက်သည် ပထမအကြိမ်မဟုတ်ပဲ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ် စောလားပွယ်သည် KNU မှ ခွဲထွက်၍ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကို တည်ထောင်ခဲ့ခြင်း၊ KNU ၏ ခွင့်ပြုချက်မရဘဲ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည့်အတွက် ထုတ်ပယ်ခြင်းခံရ ပြီးနောက် ဗိုလ်မှူးချုပ်စောထိန်မောင် ဦး‌ ဆောင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNLA (Peace Council) ကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းတို့လည်း ရှိခဲ့ပြီးဖြစ်သည်။

ကရင်ပြည် (ခေါ်) ကော်သူးလေ အသိအမှတ်ပြုမှု ရရှိရန်အတွက် KNU ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ KNU ၏ ဦးဆောင်မှုဖြင့် ကော်သူးလေအစိုးရကို ၁၉၅၀ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းလည်ပတ်ခဲ့သည်။​

(၁၇) ကြိမ်မြောက် KNU ကွန်ကရက်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ ကျင်းပခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီတို့ကို ရွေးကောက် တင်မြှောက်ခဲ့သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.