မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်များ၌ "မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)”အား ခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (LPDF) နှင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ ပူးပေါင်း၍ သြဂုတ် ၁၀ ရက်တွင် စတင်ပြီဖြစ်ကြောင်း မြင်းခြံခရိုင် အမှတ် (၉)တပ်ရင်း (Myingyan Black Tiger - MBT) က ထုတ်ပြန်သည်။
MDSO စစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်ရွာအနီး လျှပ်စစ်ခွဲရုံး၌ တောင်သာ-ကျောက်ပန်းတောင်းလမ်းပိုင်း စိုးမိုးရေး အထိုင်ချထားသည့် အကြမ်းဖက်စစ်အုပ်စုစခန်းအား သြဂုတ် ၁၀ ရက်က စီးနင်းတိုက်ခိုက်ခဲ့သည့်အပြင် နွားထိုးကြီးမြို့နယ်၌လည်း တိုက်ပွဲများ စတင်ဖော်ဆောင်နေပြီ ဖြစ်သည်။