စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာ၌ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည် မဟုတ်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပါတီ ဒုတိယဗဟိုကော်မတီ၏ ကြားကာလ ပဥ္စမအကြိမ်အစည်းအဝေးပြုလုပ်ပြီးနောက် ပါတီဥက္ကဋ္ဌ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအား နည်းလမ်းစုံသုံး၍ ကြိုးပမ်းဆောင်ရွက်ရန်၊ အာဏာလုစစ်ကောင်စီက ကျင်းပရန် ကြံစည်နေသည့် အတုအယောင် ရွေးကောက်ပွဲအား အသိအမှတ်မပြုရန်နှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေးအတွက် တိုင်းရင်းသားများ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး တိုးမြှင့်ရန် အပါအဝင် ဆုံးဖြတ်ချက် ကိုးချက်အား ကန့်ကွက်သူမရှိ အတည်ပြု ချမှတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
အွန်လိုင်းအခြေပြု ပြုလုပ်သည့် ယင်းအစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၃) ဦး၊ ဗဟိုကော်မတီဝင် (၃၉) ဦး၊ အရန်ဗဟိုကော်မတီ (၁၃)ဦး၊ တိုင်းနှင့် ပြည်နယ်အလုပ်အမှုဆောင် (၂၀) ဦး၊ ဗဟိုရေးရာကော်မတီမှ (၁၄) ဦး၊ စုစုပေါင်း (၉၀) ဦးအထိ တက်ရောက်သည်။