သတင်းမီဒီယာများ၏ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်၊ သတင်းရယူပိုင်ခွင့်၊ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်ဟု ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁)၊ပုဒ်မ (၄၂) တွင် ပြဌာန်းထားသည့် အခြေခံမူဝါဒနှင့်အညီ အချက် ရှစ်ချက်ပါသည့် "စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်" အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ အချက်ရှစ်ချက်၌ ပြည်သူလူထု၏ အရေးကြီးသည့် ဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ်နိုင်ရေးအတွက် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် သတင်းမီဒီယာများ၏အခန်းကဏ္ဍ အထူးရေးပါသည်ကို လေးနက်စွာ အသိအမှတ်ပြုကြောင်း၊ ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်ရေးကို အားပေးထောက်ခံကြောင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်အား ကန့်သတ် ချုပ်ခြယ် ပိတ်ပင်တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်ကြောင်း ပါရှိသည်။
ထို့ပြင် သတင်းမီဒီယာများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှု၊ ဓမ္မဓိဌာန်ကျမှုကို ထိခိုက်စေမည့် ကန့်သတ်တားဆီးချုပ်ခြယ်မှု မှန်သမျှအား ပြတ်သားစွာ ဆန့်ကျင်ကြောင်းနှင့် သတင်းမီဒီယာသမားများအားခြိမ်းခြောက် နှောင့်ယှက်မည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ကာ ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သဘောထားရပ်တည်ချက်၌ ထည့်သွင်းဖော်ပြထားသည်။