တအာင်းပြည်၊ ကွတ်ခိုင်မြို့တွင် ဇွန် ၆ ရက်မှ ၈ ရက်အထိ တအာင်း အရပ်ဖက်အဖွဲ့အစည်းငါးဖွဲ့က ဦးဆောင်ကာ တအာန်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ -TPCC၊ တအာင်းပြည် ပညာရေးကောင်စီ-TLEC၊ တအာင်းသဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့-TEWG၊ တအာင်းမီဒီယာသတင်းဌာနတို့၏ ခေါင်းဆောင်များနှင့် လူငယ်ကိုယ်စားလှယ်များအပါအဝင် တက်ရောက်သူ ၆၄ ဦးပါဝင်သည့် ဆွေးနွေးပွဲပြုလုပ်ကာ အဖွဲ့အစည်းများအား ပုံစံသစ်ဖြင့် ပြန်လည်စုဖွဲ့ကြောင်း ၁/၂၀၂၄ထုတ်ပြန်ချက်ဖြင့် ကြေညာလိုက်သည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းများဖြစ်သောTa’angWomen’s Organization-TWO၊ Ta’angStudents and Youth Union-TSYU၊ Ta’angLegal Aid Foundation-TLAF၊ Ta’angEducation Institute – TEI နှင့်Ta’angHealth Organization – THO က ဦးဆောင်ခြင်းဖြစ်ကာ လှုပ်ရှားမှု ဖလှယ်ရန်၊ နိုင်ငံရေးနှင့် တအာင်းဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များအား အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ချိတ်ဆက်မှု ပိုမို အားကောင်းစေရန်၊ ရှေ့လုပ်ငန်းစဉ် ချမှတ်စေရန်အချက်များအပြင် တအာင်းအရပ်ဖက်အဖွဲ့အစည်း၏ စုဖွဲ့မှုကို အသစ်ပြန်လည်ဖွဲ့စည်းရန်တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်၌ တစ်ဖွဲ့ချင်းစီ၏ လှုပ်ရှားမှုများ တင်ပြဆွေးနွေး သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ စုစည်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး ကဏ္ဍအလိုက် Panel ဆွေးနွေးမှုပုံစံများဖြင့် သုံးသပ်ခဲ့ကြောင်း၊ သဘောတူညီချက်တွင် တအာင်းဒေသအတွင်း ကဏ္ဍအလိုက် လုပ်ဆောင်ရမည့် ဘုံသဘောတူညီချက်များ၊ ကွန်ရက်စုဖွဲ့မှု ပုံစံ၊ကွန်ရက် ပြန်လည်ဖွဲ့စည်းခြင်း၊ နိုင်ငံရေး ရပ်တည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ပါဝင်ကြောင်း ဖော်ပြထားသည်။
ပြန်လည်စုဖွဲ့မည့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများသည် အမှီအခိုကင်းပြီး လွတ်လပ်မျှတသည့် အဖွဲ့အစည်း၊ လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်သည့် အဖွဲ့အစည်းနှင့် တခြားတိုင်းရင်းသားများနှင့်အတူတကွ ယှဉ်တွဲနေထိုင်ရေးကို အလေးထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး၊ လူမျိုးကြီး ဝါဒ ချုပ်ငြိမ်းရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။