အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု
အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body – GSCB) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ GSCB ကို ဘုံရည်မှန်းချက် ပန်းတိုင်တူညီသော မြန်မာနိုင်ငံတွင်းရှိ ပထဝီဒေသအသီးသီး၊ တိုင်းရင်းသား လူမျိုး အသီးသီးနှင့် လူထု လူတန်းစား အလွှာအသီးသီးမှ သပိတ်အင်အားစုများ၊ အာဏာဖီဆန်ရေး Civil Disobedience Movement (CDM) အင်အားစုများဖြင့် ဖွဲ့စည်းထားသည်။
GSCB ၏ အခြေခံ ရည်မှန်းချက်များမှာ စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင် စနစ် အားလုံး အမြစ်ဖြတ်ချေမှုန်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ခြွင်းချက်မရှိ ပယ်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး နှင့် ဖမ်းဆီးခံ နိုင်ငံရေး ခေါင်းဆောင်များနှင့် တက်ကြွ လှုပ်ရှားသူ ကျောင်းသား ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးတို့ပင် ဖြစ်သည်။ စံတန်ဖိုးများမှာ လူ့အခွင့်အရေး၊ ဖက်ဒရယ် ဒီမိုကရေစီ၊ လူမှုတရားမျှတမှု၊ အသွင်းကူးပြောင်းရေး တရားမျှတမှု၊ ခွဲခြားဆက်ဆံမှု ပပျောက်ရေး နှင့် လူနည်းစု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတို့ပင် ဖြစ်သည်။ GSCB တွင် သတင်းနှင့် ပြန်ကြားရေး၊ ပေါင်းစပ်ညှိနှိုင်းရေး နှင့် စည်းရုံး ချိတ်ဆက်ရေး လုပ်ငန်း ကော်မတီ (၃) ခု ရှိသည်။ GSCB တွင် အဖွဲ့ဝင်အင်အားစု ၂၇ ဖွဲ့ ရှိသည်။
GSCB ဖွဲ့စည်းမှုတွင် ၈၈ မျိုးဆက်များ၊ ၉၆-၉၈ မျိုးဆက်များ၊ ၂၀၀၇ မျိုးဆက်၊ ၂၀၁၅ မျိုးဆက်များမှသည် ၂၀၂၁ ဂျန်းဇီးမျိုးဆက်များ အထိပါဝင်သည်။
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ၄ နှစ်ပြည့်ပြီဖြစ်သော ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု “Rohingya Memorial Day” တွင် We apologize campaign ကို ဦးဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အဖွဲ့အစည်း (၁၈၃) ဖွဲ့မှ ထုတ်ပြန်သည့် Comprehensive Economics Sanctions (CES) အပေါ် အပြည့်အဝ ထောက်ခံပါကြောင်းနှင့် ပံ့ပိုးကူညီ၍ ပူးတွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်သပိတ် အင်အားစုများ စုစည်းက GSCB ၏ ပထမအကြိမ် ညီလာခံကို ကျင်းပပြုလုပ်ခဲ့သည်။
GSCB သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။